ဗီယက်နမ်နှင့် အိန္ဒိယတို့ထံမှ ဆန်ဝယ်ယူတင်သွင်းရန် ဖိလစ်ပိုင်အစိုးရက ညှိနှိုင်းဆောင်ရွက်

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် အိန္ဒိယတို့ထံမှ ဆန်များဝယ်ယူတင်သွင်းနိုင်ရေးအတွက် အစိုးရချင်းစေ့စပ်ညှိနှိုင်းမှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့၌ သတင်းထုတ်ပြန်ရာတွင် ဗီယက်နမ်နိုင်ငံမှ ပို့ကုန် လုပ်ငန်းရှင်များသည် ဆန်တစ်တန်လျှင် ဒေါ်လာ ၃၀ မှ ဒေါ်လာ ၄၀ အထိ လျှော့ချလျက် ဖိလစ်ပိုင် ပုဂ္ဂလိကကုန်သည်များသို့ ဈေးနှုန်းကမ်းလှမ်းထားကြောင်း၊ ၎င်းနှုန်းထားများသည် ယခင်အကြိမ် မနီလာမြို့ရှိ Malacañan Palace နန်းတော်တွင်ကျင်းပခဲ့သော အစည်းအဝေး၌ ကမ်းလှမ်းခဲ့သည့် စျေးနှုန်းထက် သက်သာမှုရှိကြောင်းဖြင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ အကြီးတန်း လက်ထောက် အတွင်းဝန် Domingo Panganiban က ပြောဆိုခဲ့သည်။

ထို့အပြင် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနသည် လူသားချင်းစာနာထောက်ထားမှုအရ ဆန်ဝယ် ယူတင်သွင်းနိုင်ရန်အတွက်  အိန္ဒိယအစိုးရနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုနှစ်အတွက် ဆန်တန်ချိန် ၃ သိန်းမှ ၅ သိန်းခန့်အထိ ထပ်မံဝယ်ယူတင်သွင်းနိုင်မည်ဟု မျှော် မှန်းထားကြောင်း၊ အဆိုပါပမာဏ ပါဝင်ခြင်းမရှိသည့်တိုင် ၂၀၂၃ နှစ်ကုန်ပိုင်း၌ ၅၂ ရက်မှ ၅၇ ရက်အထိ ကာလအတွက် အရန်ဆန်လက်ကျန် ရှိနေဦးမည်ဖြစ်ရာ ထပ်မံတင်သွင်းမှုက နိုင်ငံ၏ အရန်ရိက္ခာထားရှိမှုကို ပိုမိုအားကောင်းစေပြီး စျေးနှုန်းများကိုလည်း  လျှော့ချနိုင်မည်ဖြစ်ကြောင်း Panganiban က ထပ်လောင်းပြောကြားခဲ့သည်။

ဩဂုတ်လ ၈ ရက်၊ အင်္ဂါနေ့၌ Malacañan တွင် ဆန်စပါးလုပ်ငန်းအဓိကလုပ်ကိုင်သူများနှင့် တွေ့ဆုံပြီးနောက် သမ္မတမားကို့စ်က လာမည့်နှစ် အယ်လ်နီညိုဖြစ်စဉ် ကုန်ဆုံးချိန်အထိ  နိုင်ငံ၏ ဆန်စပါးရိက္ခာမှာ လုံလောက်ရှိသည်ဟု ပြည်သူများသို့ အာမခံပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဌာန၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိသော သမ္မတမားကို့စ် သည် ပြည်တွင်း ဆန်စပါးလုပ်ငန်းနယ်ပယ်၌ စိုးရိမ်ပူပန်မှုများရှိနေမှုအပေါ် လက်ငင်းထောက်ပံ့ ပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံများနှင့် အစိုးရချင်း ထိတွေ့ဆက်ဆံမှုများကို ပိုမိုလုပ်ဆောင်သွား မည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ လက်ထောက်အတွင်းဝန် Merceditas Sombillo က ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဆန်လက်ကျန်ပမာဏသည် ၅၂ ရက်တာအတွက် တန်ချိန် ၁.၉၆ သန်း ကျန်ရှိမည်ဟု ကနဦးခန့်မှန်းခဲ့ရာမှ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့သည် ဆန်တန်ချိန် ၂.၁၂ သန်းခန့်ကျန်ရှိမည်ဟု ခန့်မှန်းချက်ထုတ်ပြန်ခဲ့ရာ ၅၇ ရက်တာ ကာလအတွက် ရိက္ခာ လုံလောက်မှု ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Philippines News Agency, 11 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)