အင်ဒိုနီးရှားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုထက်မက မိုးများအလွန်အကျွံရွာသွန်းခဲ့ပြီးနောက် ကော်ဖီအထွက်နှုန်းသည် အနည်းဆုံးဖြစ်ခဲ့သဖြင့် ကမ္ဘာ့ကော်ဖီဈေးနှုန်းများမှာလည်း အချိန်တိုင်း မြင့်တက်နေခဲ့ပါသည်။ ယခုအခါ အယ်လ်နီညို၏ ခြောက်သွေ့သောရာသီဥတုကြောင့် ကမ္ဘာ့ စတုတ္ထအကြီးမားဆုံး ကော်ဖီစိုက်ပျိုးသည့် အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီအထွက်နှုန်းမှာ ပိုမိုလျော့နည်းနိုင်ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အာရဘီကာကော်ဖီထက် ပိုမိုခါးသက်သော အရသာရှိသည့် ရိုဘတ်စတာကော်ဖီများကို အဓိက စိုက်ပျိုးထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလျော့နည်းကျဆင်းခဲ့သဖြင့် ကော်ဖီဈေးနှုန်းများမှာ ၂ဝ၂၃ ခုနှစ်အတွင်း ၄ဝ% ကျော်မြင့်တက်ခဲ့ကာ ဇွန်လ၌ အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ပါသည်။
အယ်လ်နီညိုရာသီဥတုသည် ၂ဝ၂၃ ခုနှစ်အကုန်ပိုင်း၊ ၂ဝ၂၄ ခုနှစ် အစောပိုင်းကာလအထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟုခန့်မှန်းထားပြီး ခြောက်သွေ့မှုများလည်း ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ရာဘိုဘဏ်ရှိ လယ်ယာထွက်ကုန် ဈေးကွက်သုတေသနဌာန အကြီးအကဲ Carols Mera က ပြောကြားခဲ့ပါသည်။ ရာသီဥတုခြောက်သွေ့မှု ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုမှာ ၂ဝ၂၄-၂ဝ၂၅ တွင် ပိုမိုကျဆင်းနိုင်ကြောင်း၊ အင်ဒိုနီးရှား မိုလေဝသဌာန၏ပြောကြားမှုအရ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကို ဖြစ်ပေါ်စေသော အယ်လ်နီညိုဖြစ်စဉ်သည် ကော်ဖီအဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသနှစ်ခုဖြစ်သော ဂျာဗားနှင့် ဆူမားတြားအပါအဝင် နိုင်ငံ၏သုံးပုံနှစ်ပုံထက် ပိုမိုသည့် ဧရိယာပမာဏအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင် လာနီညာကြောင့် မိုးများ အမြောက်အမြားရွာသွန်းခဲ့ပြီး ၂ဝ၂၃ ခုနှစ် ပထမငါးလတွင်လည်း အလားတူမိုးများသောဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရပါသည်။ ၂ဝ၂၃-၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီထွက်ရှိမှုမှာ ၆ဝ ကီလို ဂရမ်ဝင် အိတ်ပေါင်း ၉.၇ သန်းထွက်ရှိမည်ဟုခန့်မှန်းထားသဖြင့် ယခင်နှစ်၌ ထွက်ရှိမှု အိတ်ပေါင်း ၁၁.၈၅ သန်းအောက် လျော့နည်းကျဆင်းမည်ဖြစ်ကာ ၂ဝ၁၁-၁၂ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံး ထွက်ရှိမှုဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနက ဖော်ပြထားပါသည်။
အင်ဒိုနီးရှားနိုင်ငံရှိ ရိုဘတ်စတာကော်ဖီများ စိုက်ပျိုးသည့် ဆူမားတြားကျွန်းတောင်ပိုင်း၊ လမ်ပန် ဒေသရှိ တောင်သူတစ်ဦးဖြစ်သူ Peratin Buchori က ၂ဝ၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ၂၃ ခုနှစ်တွင် ကော်ဖီရိတ်သိမ်းမှုမှာ မိုးရွာသွန်းမှုများသဖြင့် ၃ဝ ရာခိုင်နှုန်း လျော့နည်းကျဆင်းပြီး ကော်ဖီပန်းများမှာ စောစီးစွာ ကြွေကျခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လမ်ပန်အခြေစိုက် ကော်ဖီ ကုန်သည် တစ်ဦးက ကော်ဖီရောင်းလိုအားမှာ ယခင်နှစ်ထက် ၂၅% လျော့နည်းကျဆင်းခဲ့ကြောင်း၊ ထိုသို့အရောင်းကျဆင်းခဲ့သဖြင့် လွန်ခဲ့သောလများအတွင်း ကော်ဖီကို ရုတ်တရက် အများအပြား ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကော်ဖီစိုက်ဧရိယာ ၁ ဟက်တာလျှင် ကော်ဖီစေ့ ဝ.၇ မှ ၁.ဝ မက်ထရစ် တန်ထွက်ရှိပြီး ကမ္ဘာ့အကြီးမားဆုံး ရိုဘတ်စတာကော်ဖီစေ့ရောင်းချသည့် ဗီယက်နမ်နိုင်ငံမှာ ၁ ဟက်တာလျှင် ကော်ဖီ ၂.၇ တန်ထွက်ရှိကြောင်း သိရှိရပါ သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကော်ဖီစိုက်ခင်းဟက်တာ ၁.၂၅ သန်းခန့်ကို အသေးစားတောင်သူများမှ စိုက်ပျိုးကြပြီး ရှေးရိုးစဉ်လာ စိုက်ပျိုးနည်းများကိုသာ အသုံးပြုကြသူများဖြစ်ကာ ဓါတ်မြေဩဇာလည်း အလုံအလောက် မရရှိကြကြောင်း၊ ကော်ဖီပင်အများစုမှာ အိုမင်းလျက်ရှိကြပြီး အချို့အပင်များမှာ ဆယ်စုနှစ် ၂ ခုထက်မက ကြာရှည်ပြီဖြစ်ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအစိုးရက တောင်သူများကို အပင်သစ်များ ပြန်လည်စိုက်ပျိုးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးခြင်း၊ ဓါတ်မြေဩဇာထောက်ပံ့ပေးခြင်းနှင့် အတိုးနှုန်းသက်သာသော ချေးငွေများ ပိုမိုထုတ်ချေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ရာတွင် တရားဝင်ကိန်းဂဏန်းများအရ ၂ဝ၁၈ ခုနှစ်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီစိုက်ဧရိယာ စုစုပေါင်းအနက် ၂% ခန့်သာ ပြန်လည် စိုက်ပျိုးခဲ့ကြောင်း၊ ဝယ်ယူသည့် ကုမ္ပဏီများမှ စိုက်ပျိုးသူများသို့ အကောင်းဆုံး အလေ့အထများကို လေ့ကျင့်သင်ကြားပေးပြီး အရောင်းကမ်းလှမ်းမှုပြုလုပ်စေမည့် အစီအစဉ်သစ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
Source: Channel News Asia, 14 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)