မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးသည် (၁၆.၈.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ၎င်း၏ရုံးခန်း၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် ဆီကုန်သည် (၂၂) ဦးအား ခေါ်ယူတွေ့ဆုံပြီး လက်ရှိဖြစ်ပေါ် နေသော ဆီဈေးနှုန်းကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးကွက်/ ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူးကြရန်၊ ဆီကုန်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း ဆီဈေးနှုန်းများ အတတ်နိုင်ဆုံး တည်ငြိမ်ရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွက် အကျိုးရလာဒ်တစ်ခု ရရှိအောင် ဆောင်ရွက်ပေးကြရန် ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပါသည်။
စီးပွားရေးရာဝန်ကြီး၏ ဆွေးနွေးလမ်းညွှန်ချက်အပေါ် ဆီကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို အသေးစိတ်ဆွေးနွေးရန်အတွက် ( ၁၆.၈.၂၀၂၃ ) ရက်နေ့ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ မကွေးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌနှင့် ဆီကုန်သည်များအား ထပ်မံတွေ့ဆုံပြီး ဆီဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေး၌ စားအုန်းဆီဈေးနှုန်း ကျဆင်းစေရေးအတွက် Importer ကုမ္ပဏီများမှ ဝယ်ယူရရှိသည့် ဆီပေပါအလုံးရေ၊ အမှန်တကယ် ဝယ်ယူရသည့်ဈေးနှုန်းနှင့် ပြည်သူများထံသို့ ပြန်လည်ရောင်းချသည့်ဈေးနှုန်းစာရင်းများအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သတင်းပေးပို့တင်ပြရန်၊ စားအုန်းဆီ ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ဝယ်ယူရသည့်ဈေးနှုန်း၏ ၂ % အမြတ်ထက် မပိုသော ဈေးဖြင့်သာရောင်းချကြရန်နှင့် ဆီဈေးနှုန်းကျဆင်းရေးအတွက် ဆီကုန်သည်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)