ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

Powered by Drupal

     နှစ်စဉ် မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနှင့်နွေစပါးစိုက်ဧက စုစုပေါင်းဧက (၅၂၀၁၇၈၀) စိုက်ပျိုးရာမှ ထွက်ရှိလာသော စပါးတင်းပေါင်း (၄၁၆၁၉၀၂၄၆)တင်း  ကြိတ်ခွဲရာ စပါးခွံတန်ချိန် (၁၈၈၇၈၂၆.၅၇)တန် ထွက်ရှိရာ ယခင်က မြစ်ချောင်းအင်းအိုင်များတွင် စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုမှ ကာကွယ်ရန် ယခုအခါ စပါးခွံကိုအသုံးပြု၍ စပါးခွံလောင်စာတောင့် စက်ရုံ (၅၀)ရုံ၊ စပါးခွံဓာတ်ငွေ့သုံး Gasifier ဖြင့် လည်ပတ်နေသော ဆန်စက် (၅၄၃) ရုံ ၊ စပါးခွံဘွိုင်လာမှ ရေနွေးငွေ့တာဘိုင်သုံးလျှပ်စစ်ထုတ်စက် (၄)ရုံ၊ ရောင်နီအရက်ချက်စက်ရုံ(မြန်အောင်) (၁)ရုံ၊ စပါးခွံအသုံး ပြု၍ ဘွိုင်လာနှင့်လည်ပတ်နေသောဆန်စက်  အစာတောင့်စက်ရုံ ၊ အထည်ချုပ်စက်ရုံ၊ အရက်ချက်စက်ရုံ၊ ငါးပေါင်းအမှုန့်ကြိတ်စက်ရုံအပါအဝင် စုစုပေါင်း ဘွိုင်လာ (၂၃၉) ရုံ အသုံးပြုလည်ပတ်နေပြီဖြစ်၍ ဝင်ငွေအကျိုးအမြတ်ရရှိလျက် လူမှုစီးပွားဘဝ အထောက်အကူပြုရုံသာမက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်၊၊

  နိုင်ငံတော်အကြီးအကဲမှလည်း Gasifier ဖြင့် လျှပ်စစ်ထုတ်လုပ်သည့်လုပ်ငန်းများကို ပြည်ထောင်စု အဆင့် စက်မှုဝန်ကြီးဌာနနှင့်သိပ္ပံနည်းနှင့်ပညာဝန်ကြီးဌာနတို့မှ ဦးဆောင်၍ အားပေးမြှင့်တင်ဆောင်ရွက ်သင့်ကြောင်း လမ်းညွှန်ထားသဖြင့် Gasifier အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ(၆)ရက်နေ့ နေပြည်တော်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် Gasifier လျှပ်စစ်ထုတ်စက်များအသုံးပြုမှုအများဆုံးဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ထပ်မံကျင်းပ၍ Gasifier လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်၊၊

      စပါးခွံအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအခြေအနေမှာ Gasifier အသုံးပြုလည်ပတ် လျက်ရှိသော ဆန်စက် (၅၄၃)ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု တစ်ရုံလျှင် (0.2MW) ဖြစ်၍ ဆန်စက် (၅၄၃)ရုံအတွက် စက်တပ်အင်အား (108.6)MW စပါးခွံဘွိုင်လာအသုံးပြု၍  Stream Turbine များဖြင့် လျှပ်စစ်ထုတ်စက်များ (Willmar 2.2MW ၊ Mapco 1.8 MW ၊ SSBE 1.0 MW (၂)ရုံ) မှ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်နိုင်မှု တပ်ဆင်အင်အားမှာ (6) MW ၊  ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co,Ltd မှ ထပ်မံတည်ဆောက်လျက်ရှိသော စပါးခွံဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်စက် (၂၄) လုံး မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု(12MW) ဖြစ်ပြီး၊ စပါးခွံဘွိုင်လာ Stream Turbine  လျှပ်စစ ထုတ်စက်(၂)လုံးမှ (30 MW) စုစုပေါင်းလျှပ်စစ်ထုတ်လုပ်နိုင်မှု (42 MW) ၊ စုစုပေါင်း စပါးခွံမှ လျှပ်စစ်ထုတ်စက်များ၏ ထုတ်လုပ်နိုင်မှု စက်တပ်အင်အား (156.6 MW) ရရှိမည်ဖြစ်ပါသည်၊၊

     တိုင်းအတွင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသောစပါးခွံတန် (၁၈)သိန်းကျော်တွင် ယခုလက်ရှိ အသုံးပြုနေမှု စပါးခွံလောင်စာတောင့်စက်ရုံများ ၊ လျှပ်စစ်ထုတ်စက်ရုံများနှင့် အခြားစီးပွားရေးလုပ်ငန်းများ အသုံးပြုမှု စုစုပေါင်းစပါးခွံတန်ချိန်(၁၃) သိန်းကျော်ဖြစ်၍ ပိုလျှံသည့်စပါးခွံတန်ချိန် (၅)သိန်းကျော် သာ ကျန်ရှိမည်ဖြစ်ပါသည်၊၊ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စီးပွားရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) တွင် နိုင်ငံတော်အကြီးအကဲမှ “စပါးခွံဓာတ်ငွေ့လောင်စာသုံးလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ အနေဖြင့် ဆောင်ရွက်သင့်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းတစ်ခုဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း” လမ်းညွှန်မှာကြားမှုကြောင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ညွှန်ကြားရေးမှူးချုပ်များ ပညာရှင်များလာရောက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier လျှပ်စစ်ထုတ်စက် တပ်ဆင်အသုံးပြုသော ဆန်စက်များနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာခဲ့ပြီး ၂၉.၇.၂၀၂၃ရက်နေ့တွင် ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည် စပါးခွံလောင်စာသုံး ဓာတ်အားပေးစက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အဖွဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ Gasifier လျှပ်စစ်ထုတ်စက် အသုံးပြုသူများ စုစုပေါင်း အင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ပြီး အနာဂတ်တွင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်၊၊

       Gasifier အသုံးပြု ဆန်စက်များတွင် Wet Type နှင့် Dry Type (၂)မျိုးရှိရာ  Wet Tye စနစ်ကို အသုံးပြုမှုများပြားပြီး Wet Type စနစ်ဖြင့် အသုံးပြုရာတွင် ရေများစွာအသုံးပြု၍ ရေစွန့်ထုတ်ရာ မြစ်၊ ချောင်း၊ အင်းအိုင်များရှိ ရေနေသတ္တဝါများ အသေအပျောက်မရှိသော်လည်း အုပ်စုဖွဲ့ရေနေသတ္တဝါများ လာရောက်မှုမရှိ၊ ငါးမျိုးစိတ်များရှောင်ကွင်းသွားကြောင်းစသည့် အားနည်းချက်များရှိပြီး ၎င်းစပါးခွံ၊ ဖွဲပြာတွင် ကတ္တရာအနည်းငယ် ပါဝင်မှုရှိ၍ မြေဆီလွှာပျက်စီးမှုရှိနိုင်သည့်အတွက် ပတ်ဝန်းကျင် မထိခိုက်စေရန် စနစ်တကျစွန့်ပစ်ရန်လိုအပ်ပါသည်၊၊ အားသာချက်များအနေဖြင့် စိုက်ပျိုးထားသော စပါးများ အချိန်မီကြိတ်ခွဲ ထုတ်လုပ်နိုင်၍ Gasifier အသုံးပြုခြင်းဖြင့် မီးမရသောဒေသများတွင် မီးစက်နှင့်လည်ပတ်ရာတွင် ကုန်ကျမည့်  စက်သုံးဆီအသုံးပြုမှု ၇၀% လျော့ကျ၍ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ခြင်း ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားဖြင့် အဆင့်မြှင့်ဆန် များကြိတ်ခွဲနိုင်မည်ဖြစ်ပါသည်၊၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co,Ltd တွင် ပုံမှန်အသုံးပြုလျက်ရှိသော Wet Type စနစ်အား အသုံးပြုခြင်းမရှိပဲ နိုင်ငံခြားမှ မှာယူတင်သွင်းလာသော အဆင့်မြှင့်စက်ယူနစ်များဖြင့် ကိုယ်ပိုင်လျှပ်စစ်ထုတ်စက် Dry Type စနစ်ဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်၊၊ Dry Type စနစ်သည် နိုင်ငံခြားမှမှာယူသုံးစွဲရခြင်းဖြစ်ပြီး Wet Type စနစ်ထက် ထုတ်လုပ်မှုကုန်ကျစရိတ်ပိုမိုများပြားပါသည်၊၊ ယခုအခါ Gasifier အသုံးပြုဆန်စက်များ ဖွံ့ဖြုးတိုးတက်ရေးအတွက်  လုပ်ငန်းရှင်၊ သက်ဆိုင်ရာဌာနဆိုင်ရာနှင့် အစိုးရတို့ပူးပေါင်း၍ စီမံ ဆောင်ရွက်လျက်ရှိပါသည်၊၊

      ၂၀၂၃ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်နှင့် ဩဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးဆောင်ကြီးကြပ်၍ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ လိုက်ပါ၍    Gasifier အသုံးပြု ဆန်စက်များမှထွက်ရှိသောရေဆိုးများကို ပြန်လည်သန့်စင်ရန် ရေဆိုးစစ်ကန်ကို အုတ်ကြိုး၊ ဖွဲပြာ၊ ဗေဒါ၊ မီးသွေး အဆင့်(၄)ဆင့်ဖြင့် စနစ်တကျ စစ်ထုတ်ကာ Recycle ပြုလုပ်ပြီး ရေသန့်ပြန်လည်ရရှိရေး၊  ရေဆိုးစစ်ကန်များစနစ်တကျပြုလုပ်၍ လည်ပတ်နိုင်ရေး၊ လျှပ်စစ်အင်ဂျင် သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေး Gasifier ဓာတ်ငွေ့တွင် ကတ္တရာပါဝင်မှုလျော့ကျစေရေး နည်းပညာအသစ်များ အသုံးပြု၍ ဆောင်ရွက်သွားရန်  ဆန်စက်ရှိ ဝန်ထမ်းများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေး အနံ့ဆိုးများမထွက်စေရန်နှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် Gasifier ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာအဆင့်မြှင့်တင်ရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်၍ ဆောင်ရွက်လျက်ရှိပါသည်၊၊

   ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံးစိုက်ပျိုးထုတ်လုပ်နေသလို Gasifier ဆန်စက် အသုံးပြုမှု အများဆုံး တိုင်းဒေသကြီးဖြစ်ပါသည်၊၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို မိမိတို့တိုင်းဒေသကြီးမှ တဖက်တစ်လမ်းက အထောက်အကူပြု၍ အဓိကကျသော လျှပ်စစ်ဓာတ်အား ရရှိခြင်းဖြင့် ဒေသတွင်းကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်တက်၍ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာမည်ဖြစ်ပါသည်၊၊

     ဧရာဝတီတိုင်းဒေသကြီးအတွင်း Gasifier ဖြင့် ဆန်စက်ပေါင်း ၅၄၃ ရုံတွင် စပါးကြိတ်ခွဲ ထုတ်လုပ်လျက်ရှိပြီး ၎င်းအပြင်စပါးခွံဘွိုင်လာသုံးရေနွေးငွေ့အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်စက် (၄)ရုံမှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲလျက်ရှိသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် Gasifier ဖြင့် ရေတင်ခြင်း၊ ငါးမွေးမြူရေးကန်များတွင် Gasifier လျှပ်စစ်ထုတ်စက်များ တပ်ဆင်ခြင်းတို့ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု  တစ်ပိုင်တစ်နိုင်တပ်ဆင်အသုံးပြုလျက်ရှိနေပါသည်၊၊ Gasifier များ ဖွံဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတော်မှ လိုအပ်သော ပံ့ပိုးမှုများဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးအတွင်း အနာဂတ်မှာလည်း စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်၊၊

DOCA(ဧရာဝတီ)