ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့် တောင်ငူမြို့ဖွံဖြိုးရေးအတွက် လာရောက်ဆွေးနွေး

Powered by Drupal

     စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်သည် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဘုရင့်နောင် ခန်းမ၌ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs)စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ၍ တောင်ငူခရိုင် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးပါသည်။

   စစ်ဦးစီးအရာရှိချုပ်(လေ)က တောင်ငူမြို့အေးချမ်းသာယာရေးဆောင်ရွက်ရေး၊ ဒေသဖွံဖြိုးတိုးတက်ရေး၊ တောင်ငူမြို့မဈေးကြီး ပြန်လည်တည်ဆောက်ရေးတို့နှင့် စပ်လျဉ်း၍ ပြောကြားပြီးနောက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲအနေဖြင့် မြေလွတ်မြေရိုင်းများ ဖော်ထုတ်ရန် ဦးစားပေးလျက်ရှိကြောင်း၊ တောင်ငူမြို့ အမြန်လမ်းမကြီး၊ ၁၃၅ မိုင် အနီးရှိ တောင်ငူစက်မှုဇုန်အတွက် ရွေးချယ်ထားသည့် မြေနေရာကို ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်းရှင်များအား လျှပ်စစ်မီးလိုအပ်ချက်၊ ချေးငွေလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

     ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေဝင်းအောင်က တောင်ငူခရိုင် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တင်ပြရာတွင် MSMEs လုပ်ငန်းများ ချေးငွေလိုအပ်ချက်နှင့် ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပဲခူးတိုင်းဒေသ ကြီးအတွက် ခွဲဝေရရှိသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးရေးလုပ်ငန်းများသို့ ၅.၅ ဘီလီယံ၊ မွေးမြူရေးလုပ်ငန်းများသို့ ၁ ဘီလီယံနှင့် MSMEs လုပ်ငန်းများသို့ ၁.၅ ဘီလီယံ ထုတ်ချေးပေးပါကြောင်း၊ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်၍ စပါးခွံဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက် Gasifier များကို လုပ်ငန်းရှင်များက တပ်ဆင်ရန် စိတ်ပါဝင်စားမှုများရှိပြီး လုပ်ငန်းရှင်အချို့ တပ်ဆင်ထားပြီးဖြစ်ပါကြောင်း၊ Gasifier များ တပ်ဆင်ရာတွင် နည်းပညာနှင့်အရင်းအနှီးများ လိုအပ်မည်ဖြစ်ရာ နည်းပညာနှင့်ပတ်သက်၍ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့သည် ဩဂုတ်လ ၉ ရက်နေ့က တောင်ငူမြို့ ကေတုမတီဟိုတယ် ဘုရင့်နောင်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ဆန်စက်လုပ်ငန်းရှင်များအား Gasifier များ တပ်ဆင် အသုံးပြုရေးနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း တောင်ငူခရိုင်မှ MSMEs လုပ်ငန်းရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နတ်သျှင်နောင်ခန်းမ၌  စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများက Gasifier များ တပ်ဆင်အသုံးပြုရေးနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားရန် စီစဉ်ထားပါကြောင်း၊ ဆက်လက်၍ အခြားမြို့နယ်များ၌လည်း Gasifier များ တပ်ဆင်အသုံးပြုရေးနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရေး ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါကြောင်းဖြင့် ရှင်းလင်းတင်ပြပါသည်။

    ဆက်လက်၍ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တင်ပြဆွေးနွေးရာ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်က ပေါင်းစပ်ညှိနှိုင်း ‌ဆေင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)