ပခုက္ကူမြို့ပေါ်နှင့် စက်မှုဇုန်ရှိ ဆီစက်များ/မြေပဲဆုံဆီများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သည့်အဖွဲ့သည် ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်လာစေရေးနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့တွင် ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆီစက်များနှင့် မြို့ပေါ်ရှိ မြေပဲဆုံဆီများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ စက်မှုမှတ်ပုံတင် ရှိ/မရှိ၊ ရင်းနှီးမြုပ်နှံသည့်တန်ဖိုး၊ အသုံးပြုသည့် မော်တာမြင်းကောင်ရေ၊ ကြိတ်ခွဲနိုင်သည့်တန်ချိန်(၁ရက်၊ ၁လ၊ ၁နှစ်)၊ ဈေးနှုန်း/ဈေးကွက်တို့အား မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံ ပိုမိုစိုက်ပျိုးလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆီစက်လုပ်ငန်းများအား ယခုလိုကွင်းဆင်း စာရင်းကောက်ယူခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ မြေပဲဆုံဆီလုပ်ငန်းရှင်များက ဆီစက်လုပ်ငန်းတွင် တစ်ရက်လျှင် ကုန်ကြမ်းမြေပဲ(၄၀)ပိဿာခန့် အသုံးပြုပြီး ကုန်ချောမြေပဲဆီ (၁၆)ပိဿာခန့် ထွက်ရှိကြောင်း၊ (၁)ဆုံလျှင် (၁)နာရီ‌ကျော်ကြာကြိတ်ရကြောင်း၊ လုပ်ငန်းလိုင်စင်နှင့် စက်မှုမှတ်ပုံတင်များလည်း ပြုလုပ်ထားရှိကြောင်း၊ မြေပဲဆုံ(၁)ဆုံ(မော်တာပါပြီး)၏ တန်ဖိုးမှာ ကျပ်(၂၅)သိန်းမှ (၃၂)သိန်း ထိရှိကြောင်း၊ မြေပဲဆီ(၁)ပိဿာ ဈေးနှုန်းမှာ စက်ပဲဆီ(၅၅၀၀)ကျပ်ရှိပြီး၊ ဆုံပဲဆီ(၇၀၀၀)ကျပ်ခန့် ရောင်းချပါကြောင်း၊ ဈေးကွက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ နှင့် ပခုက္ကူခရိုင်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပခုက္ကူစက်မှုဇုန်ရှိ ဆီလုပ်ငန်းရှင်များမှ ဆီစက်ပိုင်ရှင်ဦးရေ(၄၀)ခန့်ရှိသော်လည်း ဈေးကွက်အခြေအနေအရ မလည်ပတ်နိုင်သော စက်ပိုင်ဦးရေ(၃၀)ခန့်ရှိကြောင်း၊ လက်ရှိ လည်ပတ်နေသော ဆီစက် (၁၀) စက်ခန့်ရှိပြီး စားအုန်းဆီနှင့် ပြည်တွင်းဆီသန့်ဈေး ကွာဟမှုကျဉ်း မြောင်းလာပါက နောက်ထပ် (၁၅)ဦးခန့် ပြန်လည် လည်ပတ်နိုင်မည်ဟု ခန့်မှန်း ရကြောင်း၊ ဆီ စက်ပေါင်း(၂၅)စက် လည်ပတ်နိုင်ပါက ပခုက္ကူမြို့အနေဖြင့် ဆီတန်ချိန်(၃၀)ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ခရိုင်အနေဖြင့် ဆိုပါက ဆုံ/စက် စုစုပေါင်း(၅၅)တန်ခန့် ထွက်ရှိနိုင်ကြောင်း၊ စားအုန်းဆီများကို ပြည်ပမှ လျော့ချတင်သွင်းပြီး ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ဆီထွက် သီးနှံများကို ပြည်ပသို့ တင်ပို့မှု လျှော့ချရန် အကြံပြုလိုပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပါက စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် မြေပဲဆုံဆီများကို တစ်ပိဿာ (၆၀၀၀) ကျပ်ခန့် ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)