စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

စင်ကာပူနိုင်ငံ
ဆန် တင်သွင်းမှုဆိုင်ရာနှင့် ဈေးကွက်အခြေအနေ လေ့လာသုံးသပ်ချက်
၁။ စင်ကာပူနိုင်ငံ၏ဆန်ဈေးကွက်တွင် ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဈေးကွက် ဝေစု (၈၀%) ကျော်အထိ ကြီးစိုးထားကြောင်း၊ မြန်မာနိုင်ငံ၏ဈေးကွက်ရရှိမှုအခြေအနေမှာ တန်ချိန် အားဖြင့် ထိုင်း၊အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံတို့နောက်တွင်အဆင့်(၄)နေရာ၌ရပ်တည်နေသော်လည်း တန်ဖိုးအားဖြင့် အဆင့်(၈)နေရာတွင်သာရှိသဖြင့် မြန်မာနိုင်ငံမှတင်ပို့သောဆန်များသည် အခြားနိုင်ငံများထက် ပိုမို သက်သာသောဈေးနှုန်းဖြင့် စင်ကာပူသို့တင်ပို့နိုင်လျှက်ရှိပြီး ဈေးနှုန်းအရယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ယေဘူယျသုံးသပ်နိုင်သော်လည်းစားသုံးသူများထံသို့ တိုက်ရိုက်ထုပ်ပိုးရောင်းချသည့် လက်လီဈေးကွက် တွင် မြန်မာ့ဆန်များကို မြင်တွေ့ရမှုနည်းပါးပြီး ပြန်လည်တင်ပို့မှု (Re-export) များ ဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင်အသုံးပြုရန်အတွက် အဓိကဝယ်ယူတင်သွင်းလျှက်ရှိကြောင်း၊လက်လီ ရောင်းချသည့်ဈေးကွက်တွင် ထိုင်းနိုင်ငံမှ စံပယ်ဆန်၊ ကောက်ညှင်းဆန်နှင့် ဆန်ညို၊ ဗီယက်နမ်နိုင်ငံမှ စံပယ်ဆန်၊ ဂျပွန်နီကာဆန်နှင့် ဆန်ညို၊ အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန်၊ ပေါင်းဆန်၊ပွန်နီဆန်နှင့် ဆန်ညို၊ တရုတ်နိုင်ငံမှ ဂျပွန်နီကာဆန်၊ကမ္ဘောဒီးယားနိုင်ငံမှ စံပယ်ဆန်နှင့် ဆန်ညို၊ဂျပန်နိုင်ငံမှ ဂျပန်ဆန်မျိုး များနှင့်ဆန်ညို၊ ထိုင်ဝမ်မှပုလဲဆန်၊ ဂျပွန်နီကာဆန်နှင့် ဆန်ညို၊ အမေရိကန်နိုင်ငံမှ အမေရိကန် ဆန်မျိုးနှင့် ဂျပန်ဆန်မျိုးများ၊ပါကစ္စတန်နိုင်ငံမှ ဘာစမာတီဆန်တို့ကို အများဆုံးတွေ့ရကြောင်း၊ ပြည်တွင်းစားသုံးရန်အတွက် စင်ကာပူ၏ဆန်ဝယ်လိုအားမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ပမာဏ နည်းသဖြင့် ယှဉ်ပြိုင်မှုများသော ဈေးကွက်တစ်ခုလည်းဖြစ်ကြောင်း၊ စင်ကာပူတွင် ဆန်ဖြူ၊ ဘာစမာတီဆန်၊ ပေါင်းဆန်နှင့်ပွန်နီ ဆန်များကို ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ အစိုးရမှတာဝန်‌ ပေးအပ်ထားသော သိုလှောင်ရုံတွင် သတ်မှတ်ပမာဏကို သိုလှောင်မှုစနစ်ဖြင့် တင်သွင်းရမည့်အစီအစဉ် (Rice Stockpile Scheme-RSS)အား လိုက်နာဆောင်ရွက်ရမည်ဖြစ်သောကြောင့် စင်ကာပူရှိ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း စားသုံးသူများ၏ ကြိုက်နှစ်သက်မှုရရှိပြီးဖြစ်သောဆန် အမျိုးအစားများကိုသာ ဉီးစားပေးတင်သွင်းမည်ဖြစ်ကြောင်း၊ လက်လီဈေးကွက်အတွင်း မြန်မာ့ဆန် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန်အတွက် ထိုင်း၊အိန္ဒိယနှင့်ဗီယက်နမ်ဆန်များ နည်းတူစားသုံးသူများ၏ ကြိုက်နှစ်သက်လက်ခံမှုရရှိလာစေ‌ရေးနှင့် အရည်အသွေးနှင့်အရေအတွက် တည်ငြိမ်စွာတင်ပို့နိုင်ရေး တို့သည် အရေးကြီး‌သောအချက်များဖြစ်ကြောင်း၊ စင်ကာပူအနေဖြင့် ၎င်း၏စီးပွားရေးနှင့်ပြည်တွင်း ဝင်ရောက်ခွင့်များကို ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်လာသည်ဖြစ်ရာ ကိုဗစ်-၁၉ ကာလအတွင်း ဆန်ကွဲဝယ်လိုအား ကျဆင်းခဲ့သောအခြေအနေမှ ဝယ်လိုအား ပြန်လည်တိုးတက်ကောင်းမွန်လာမည် ဖြစ်သဖြင့်ဆန်ကွဲတင်ပို့မှုအပိုင်းတွင်လည်း မြန်မာနိုင်ငံသည်ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့်ယှဉ်ပြိုင်တင်ပို့ နိုင်သောအခြေအနေရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်- စင်ကာပူ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
ကုလားတန် ဘက်စုံစီမံကိန်းလုပ်ငန်း‌ ဆောင်ရွက်ပြီးစီးလုနီးပါးဖြစ်ခြင်း
၂။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား၂၀၀၈ ခုနှစ်၌ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သော ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ပြီးစီးလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ၅၁ ကြိမ်မြောက် ပြည်နယ်အုပ်ချုပ်ရေးမှူးများညီလာခံ၌ မီဇိုရမ်ပြည်နယ်နှင့် ကိုးကတ္တားဆိပ်ကမ်းတို့အကြား မြန်မာနိုင်ငံ၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ဆက် သွယ်ရမည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် မီဇိုရမ်ပြည်နယ်ဘက်ခြမ်း၌ တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးစီးလုနီးပါးအခြေအနေရှိကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို မူလက ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းပြီးစီးရန် မျှော်မှန်းထား သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့်နှောင့်နှေးခဲ့ရကြောင်း၊ မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယ ပြည်မကြီးအကြား သယ်ယူပို့‌ဆောင်မှုမှာ လက်ရှိကာလ၌ Chicken’s Neck ဟုတင်စားခေါ်ဝေါ်သည့် အနောက်ဘင်ဂယ်ပြည်နယ်ရှိ ကျဉ်းမြောင်းသော Siliguri စင်္ကြန်လမ်းတစ်ခုတည်းကိုသာ အားထား နေရကြောင်း၊ ကုလားတန် ဘက်စုံစီမံကိန်းပြီးစီးပါက အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ဒေသနှင့် ပြည်မကြီး အကြား ဆက်သွယ်မှုအကွာအဝေးကို လျှော့ချနိုင်မည်ဖြစ်ရာ နိုင်ငံစီးပွားအတွက် ဤစီမံကိန်းအပေါ် အထူးအလေးပေးဆောင်ရွက်သင့်ကြောင်း ပြည်နယ်အတွင်းစီမံကိန်းလုပ်ငန်းများအခြေအနေတင်ပြရာ၌ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံ
ဟင်းသီးဟင်းရွက်ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ခြင်း
၃။ တရုတ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် လတ်တလောကာလများအတွင်း စံချိန် တင် မြင့်တက်လာခဲ့ရာ လယ်ယာထွက်ကုန်ဈေးနှုန်းများမှာ ၂၀% ကျော်နှင့် အချို့ထုတ်ကုန် ဈေးနှုန်း များသည် နှစ်ဆအထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ တရုတ် နိုင်ငံရှိ ဒေသအများစုတွင် မိုးကြီးမှုများကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အဆမတန်မြင့်တက်လာ ခဲ့ပြီး တရုတ်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်ရက်များအထိ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း၊ မြို့တော် ပေကျင်းရှိလက်ကားဈေးကြီးတွင် ကောက်ခံခဲ့သည့်အချက်အလက်များအရ ကြက်သွန်နီပျမ်းမျှဈေးနှုန်း သည်(၃)ရက်တာကာလအတွင်း၂၅% အထိမြင့်တက်ခဲ့ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံ၊ စိုက်ပျိုးရေး နှင့်ကျေးလက်ရေးရာဝန်ကြီးဌာနမှ ကောက်ခံခဲ့သည့်အချက်အလက်များအရ အဓိက ဟင်းသီးဟင်းရွက် (၂၈)မျိုး၏ပျမ်းမျှဈေးနှုန်းများမှာ(၁)ရက်အတွင်း၂.၇% မြင့်တက်လာခဲ့ရာအမြင့်ဆုံးဈေးနှုန်းတက်ခဲ့သော ဟင်းသီးဟင်းရွက်များမှာ ‌ဂေါ်ဖီထုပ်၊ ငရုတ်ကောင်း၊ ပဲမျိုးစုံ၊ ကြက်သွန်နီ(အစိမ်း)နှင့် ခရမ်းသီးတို့ဖြစ် ကြောင်း၊ တရုတ်နိုင်ငံသည် ဆောင်းရာသီကာလများအတွင်း ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ပုံမှန် မြင့် တက်လေ့ရှိသော်လည်း ယခုနှစ်၌မူ ပြီးခဲ့သည့်နှစ်ကထက် သိသာစွာ မြင့်တက်လာခဲ့ကြောင်း၊ ဟင်းသီး ဟင်းရွက်ဈေးနှုန်းများ လတ်တလောမြင့်တက်ခဲ့ခြင်းမျာ တရုတ်နိုင်ငံအတွင်းရှိ ဒေသအများစုတွင် မိုး ကြီးခဲ့ခြင်းကြောင့် စိုက်ပျိုးထိန်းသိမ်းထားရှိမှုအပေါ် ဆိုးရွားစွာထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟင်းသီးဟင်း ရွက်များအား ကာလတိုအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ယခုကဲ့သို့ဈေးနှုန်းများ မြင့်တက် လာခြင်းမှာ ယာယီသာဖြစ်နိုင်ပြီး နှစ်သစ်ကူးကာလအပြီး၌ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာနိုင်ဖွယ် ရှိကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ပေးကျင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)