နိုင်ငံဝန်ထမ်းများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန် ဆန်များ ရောင်းချပေး

Powered by Drupal

   ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်မှုမရှိဘဲ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်သူများ၏နေ့စဉ်စားရေးကဏ္ဍတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် စီမံ‌ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်း (အမှုထမ်း/နေ့စား) များအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းက ဧည့်မထ ၂၅%ဆန် တစ်အိတ်လျှင် ၆၄၀၀၀/ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၄ ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

      အဆိုပါရောင်းချပေးသောဆန်များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပပို့ကုန်လိုင်စင်လျှောက်ထားမှုအပေါ်အခြေပြုလျက် တစ်တန်လျှင်တစ်အိတ် နှုန်းဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူစုဆောင်ထားသော ဆန်များဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် အခြေခံစားကုန် ဆန်‌ဈေးနှုန်းတည်ငြိမ်စေရေးအတွက် စက်မှုဇုန်များမှ အခြေခံလုပ်သားများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများ၊ ဝင်ငွေနည်းပါးသည့် လုပ်သားပြည်သူများထံသို့ ကုန်စည်ဒိုင်များမှတဆင့် ရောင်းချပေးခြင်း၊ သိုလှောင်ရုံများမှတိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်စပါးကုန်သည်များအသင်းသို့ ရောင်းချပေးပြီး လုပ်သားပြည်သူများထံသို့ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ကရင်)