တောင်ငူမြို့တွင် Gasifier နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

    တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တောင်ငူမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များအား စပါးခွံဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက် (Gasifier Power Plant) တပ်ဆင်အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

      အခမ်းအနားတွင် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းက Gasifier ၏ နောက်ခံသမိုင်း၊ စပါးခွံဓါတ်ငွေ့ ထုတ်လုပ်ပုံအဆင့်ဆင့်၊ စပါးခွံဓါတ်ငွေ့မီးဖို အမျိုးအစားများ၊ စပါးခွံဓါတ်ငွေ့မီးဖိုပြုလုပ်ရာတွင် ဂရုပြုရန်အချက်များ၊ မြန်မာနိုင်ငံတွင် အသုံးများသည့် ဓါတ်ငွေ့သန့်စင်စနစ်၊ Gasifier များတွင် မဖြစ်မနေလိုအပ်သော ကိရိယာများ၊ Gasifier အလုပ်လုပ်ပုံများကို Power Point ဖြင့် ရှင်းလင်းပြသပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က Gasifier တပ်ဆင် သုံးစွဲရာတွင် သိထားသင့်သည့် ပြဿနာများ၊ Gasifier စနစ်တစ်ခုတွင် မရှိမဖြစ် ပါသင့်သောအရာများ၊ စပါးခွံမှထွက်ရှိသော ရေဆိုးရေမည်းများနှင့် အနံ့ဆိုးများအား ဖယ်ထုတ်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် နည်းလမ်းများ၊ Gasifier များတွင် အများဆုံးဖြစ်ပွားတတ်သောပြဿနာနှင့် ဖြေရှင်းချက်များကို Power Point ဖြင့်ရှင်းလင်းပြသပြီး Gasifier တပ်ဆင်သုံးစွဲခြင်းသည် ကုန်ကျ စရိတ်ကြီးမားပါကြောင်း၊ တပ်ဆင်ပြီးမှ နည်းပညာချို့ယွင်းချက်ကြောင့် ပြဿနာများဖြစ်ပေါ်ပါက လုပ်ငန်းရှင်များအတွက် များစွာနစ်နာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် Gasifier နှင့်ပတ်သက်၍ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ဆက်သွယ်ဆောင်ရွက်လိုကြောင်း အကူအညီတောင်းခံလာပါက ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။

   ဆက်လက်၍ ရှယ်တောင်ကြီး မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ဦးကျော်စွာက ဌာနဆိုင်ရာများက ယခုကဲ့သို့ နည်းပညာနှင့် အရင်းအနှီးများ ကူညီပေးနေသဖြင့်  လုပ်ငန်းရှင်များက မိမိတို့ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြအကူအညီတောင်းခံကြပါရန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း မိမိတို့၏ လုပ်ငန်းများသို့ လာရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှုပြုပေးနိုင်ပါရန် တင်ပြပါသည်။

    အခမ်းအနားသို့ ဖိတ်ကြားထားသော ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၄၂ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)