ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖြူးမြို့နေပြည်သူများ အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်များကိုယ်တိုင် စိုက်ပျိုး မွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဖြူးမြို့ မြို့မရဲစခန်း အနောက်ဘက်ရှိ အမှတ်(၄)လမ်းတွင် တိုက်ရိုက်အရောင်းဆိုင်များဖွင့်၍ ရောင်းချပေးလျက်ရှိပါသည်။
၂၁.၈.၂၀၂၃ ရက်နေ့က ဖြူးမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းက ဆန်တစ်ပြည်လျှင် ၂၆၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း၊ ဆီ ၅၀ ကျပ်သားတစ်ဘူးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ မွေးမြူရေးလုပ်ငန်းရှင်များကလည်း ကြက်သား ၁၀ ကျပ်သား လျှင် ၁၀၀၀ ကျပ်၊ ဝက်သား ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်၊ အမဲသား ၁၀ ကျပ်သားလျှင် ၁၂၀၀ ကျပ်၊ ဆိတ်သား ၁၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ငါး ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်နှင့် ကြက်ဥ တစ်လုံးလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။
တပိုင်တနိုင်စိုက်ပျိုးသူများက ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို လာရောက် ရောင်းချလျက်ရှိရာ ကန်စွန်းရွက်တစ်စည်းလျှင် ၁၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၁၀၀ ကျပ်၊ မင်းဂွတ်သီးတစ်လုံး ၁၅၀ ကျပ်၊ မာလကာသီးတစ်လုံး ၃၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်ရောင်းချရာသို့ သက်ဆိုင်ရာဌာနဆိုင်ရာ များမှ ဝန်ထမ်းများက ကြီးကြပ်ကူညီဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)