ဖြူးမြို့ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ တွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဟု ပြဌာန်းထားရာ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများမဖြစ်စေရေးအတွက် ဈေးကွက်အတွင်းကွင်းဆင်း၍ ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်သောအဖွဲ့သည် ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဖြူးမြို့မရဲစခန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ ပြည့်ဖြိုးမွန် စိုက်ပျိုးရေးဆေးနှင့်ဓါတ်မြေဩဇာရောင်းဝယ်ရေးသို့လည်းကောင်း၊  ဖြူးမြို့၊ ပဲခူးလမ်း၊ စည်ပင်သာယာဈေးအပြင်တန်းရှိ ကိုခင်မောင်ဆွေ မျိုးစေ့၊ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးမျိုးစုံ ရောင်းဝယ်ရေးသို့လည်းကောင်း ကွင်းဆင်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားခြင်းမရှိသော ဓါတ်မြေဩဇာများ ရောင်းချခြင်းရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ခရိုင်ဦးစီးမှူးက ဆိုင်ပိုင်ရှင်များ၊ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းဝယ်ခြင်းသည် စားသုံးသူနစ်နာဆုံးရှုံးမှုကို ဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသောကုန်ပစ္စည်း အားလုံးသည် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရမည်ဖြစ်ရာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းဝယ်ခြင်းသည် တရားမဝင်ကုန်သွယ်မှုပြုရာရောက်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုပြုခြင်းကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးစေသကဲ့သို့ စားသုံးသူပြည်သူများအတွက်လည်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုပြုကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေ များအရ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသဖြင့် မိမိတို့ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ တရားမဝင် ကုန်သွယ်မှုများကို ရှောင်ကြဉ်ကြစေရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)