![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/14.4_1.jpg?itok=reS89TZ2)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွာသစ်ကျေးရွာအုပ်စု၊ နားမုံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၀)က ဒေသဝက် အကောင်(၅၀) မွေးမြူရေးဘဏ်စနစ်ဖြင့်ဖြန့်ဖြူးရန် ကျေးရွာကြီးကြပ်မှုကော်မတီရွေးချယ်ခြင်းနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ ဒေသဝက်အကောင်(၅၀) မွေးမြူရေးဘဏ်စနစ်ဖြင့်ဖြန့်ဖြူးရန် ကျေးရွာကြီးကြပ်မှုကော်မတီအဖွဲ့အားရွေးချယ်ခြင်းနှင့်ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဖြူဦးက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကော်မတီအဖွဲ့အား ရွေးချယ်ခဲ့ကြပါသည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးက မွေးမြူရေးတိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ တောင်သူ များမွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည့်တိရစ္ဆာန်များ၏ ဇီဝလုံခြုံရေးအပြည့်အဝရရှိစေရန် ကာကွယ်ဆေးကွက်ပြည့်ထိုးရန်အထူးလိုအပ်ကြောင်း၊ ကူးစက်ရောဂါကြောင့် မွေးမြူသူလုပ်ငန်းရှင်များ တောင်သူများနစ်နာဆုံးရှုံးမှုလုံးဝမရှိစေရေးအတွက် ကာကွယ်ရန်နည်းလမ်းများ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပါသည်။
သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနအနေဖြင့် မိမိမြို့နယ်အတွင်း အသား၊ ဥနှင့် နွားနို့ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးရိုးမြှင့်တိရစ္ဆာန်များ၊ ပိုမိုတိုးတက် မွေးမြူလာစေရေး၊ ဒေသအတွင်း တိရစ္ဆာန်ကူးစက်ရောဂါကင်းဝေးစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)