ဘားမဲတောင် သဘာဝဥယျာဉ် (Hpa- Mal Botanical Gardens) ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

Powered by Drupal

       ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

      ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားမဲတောင် သဘာဝဥယျာဉ်ကို သဘာဝပေါက်ပင် သစ်မျိုးအရေအတွက် (၇၈)မျိုး၊ အပင်အရေအတွက် (၁၅၅၇)ပင်နှင့် တည်ဆောက်ရေးလုပ်ငန်းပေါင်း (၂၈) ခုဖြင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှု ရှိသော အပန်းလည်းပြေ ဗဟုသုတလည်း ဖြန့်ဝေပေးသော အထင်ကရနေရာတစ်ခု ဖြစ်လာစေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပင်များ၏ သွင်ပြင်လက္ခဏာကို ရှု့ချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်းသာယာလှပစေရန် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း အစဉ်အမြဲ ပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး လာရောက်လည်ပတ်စရာနေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်သွားကြဖို့တိုက်တွန်း လိုကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူတို့က ဘားမဲတောင်သဘာဝဥယျာဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားဖျော်ဖြေရေးအဖွဲ့များအား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်၍ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

    ဘားမဲတောင်သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် (၈၁၆.၅၁)သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ််နှင့် တက်ရောက်လာသူများက မြေချိန်ဧရိယာ (၁၇) ဧက ခန့်ကျယ်ဝန်းသည့် ဘားမဲတောင် သဘာဝဥယျာဉ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ သဘာဝပေါက်ပင်များ၊ ဒေသထွက်ကုန်အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် ရိုးရာစားသောက်ဆိုင်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)