ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့ရှိ အခြေခံလူတန်းစားများအား အခြေခံစားကုန်များဖြစ်သော ဆန်နှင့်စားအုန်းဆီတို့ကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့တွင် တောင်ငူမြို့၌ ဆန်အိတ် ၇၅အိတ်နှင့် စားအုန်းဆီ ၇၅၀ပိဿာရောင်းချပေးခဲ့ပါသည်။
တောင်ငူခရိုင်ဆန်ကုန်သည်များနှင့်ဆန်စက်လုပ်ငန်းရှင်များက တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးရှိ ကိုယ်တိုင်မွေးမြူစိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဈေးတွင် ဆန်အိတ် ၃၅အိတ်ကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ညောင်ဝိုင်း၊ ဘုရားဓမ္မာရုံတွင် ဆန်အိတ် ၂၀အိတ်ကိုလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန်အိတ် ၂၀အိတ်ကိုလည်းကောင်း၊ စုစုပေါင်းဆန်အိတ် ၇၅အိတ်ကို တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၂ ပြည်နှုန်းဖြင့် ရောင်းချပေးပါသည်။
First Top ကုမ္ပဏီက ဘုရင့်နောင်ဈေးအနီးရှိ ကိုယ်တိုင်မွေးမြူစိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဈေးတွင် စားအုန်းဆီပိဿာ ၂၅၀နှင့် အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီပိဿာ ၂၅၀ကိုလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီပိဿာ ၂၅၀ကိုလည်းကောင်း စုစုပေါင်းစားအုန်းဆီ ၇၅၀ပိဿာကို တစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့် ရောင်းချပေးပါသည်။
ဆန်နှင့်စားအုန်းဆီများရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးကြောင်းနှင့် အဆိုပါ ဆန်နှင့် စားအုန်းဆီများရောင်းချရာနေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ကြည့်ရှုအားပေးကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)