ပြည်ဈေးကွက်၌ နှမ်းနှင့် မြေပဲဆံသီးနှံများ အဝင်လှိုင်လာသဖြင့် ဈေးနှုန်းများကျဆင်းလာ

Powered by Drupal

    ပြည်ခရိုင်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းသီးနှံများထွက်ပေါ် ပြီဖြစ်သဖြင့် ပြည်ဈေးကွက်သို့ ဝင်ရောက်မှုရှိသဖြင့် နေ့စဉ် အရောင်းအဝယ်များပုံမှန်ဖြစ်လျက်ရှိပါသည်။

 မြေပဲ

     ပြည်ခရိုင်၊ ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များသို့ မြေပဲဝင်ရောက်မှုလှိုင်လာသဖြင့် တစ်ရက်လျှင် အိတ်၁၅၀၀ခန့်ဝင်ရောက်နေပါသည်။ ဝင်ရောက်မှုများလာသကဲ့သို့ အဝယ်လည်းများလာသဖြင့် ဝင်သလောက် နေ့စဉ် အရောင်းအဝယ်ဖြစ်နေသည်ကိုတွေ့ရပါသည်။ မိုးမြေပဲဆန်များကို ‌ ပြည်- အောင်လံ ကြားရှိ ကျေးရွာများမှ ပြည်ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ မြေပဲစိုက်တောင်သူများကအတောင့်အတိုင်းမရောင်းချတော့ဘဲ မြေပဲဆံကိုသာ လာရောက်ရောင်းချကြောင်းသိရပြီး ဝင်ရောက်လာသောမြေပဲဆံများကို ပဲကြော်ဖိုသမားများက ဝယ်ယူမှုနည်းသော်လည်း ဆီစက်လုပ်ငန်းသမားများက ဆီကြိတ်ရန် ဝယ်ယူမှုရှိကြသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြည်ဈေးကွက်မှတစ်ဆင့် မြေပဲဆံများကို မန္တလေးတိုင်းသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ မိုးမြေပဲမှာ အထွက်လှိုင်လာချိန်ဖြစ်သဖြင့် မြေပဲဆံဈေးနှုန်းမျာလည်း ယခင်ဩဂုတ်လ နောက်ဆုံးပတ်ထက် ဈေးအနည်းငယ်လျော့နည်းသွားခဲ့ပါသည်။ စက်တင်ဘာလ ပထမပတ်တွင် မြေပဲဆန်ဈေးများမှာ မြေပဲဆီဆန် (အဖြူ ) တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ဆီဆံ (အနီ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် လုံးဆံ(အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် ၈၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လ နောက်ဆုံးပတ်နှင့်ယှဉ်လျှင် မြေပဲဆံ/ လုံးဆံအရော ဆီဆံပါ တစ်ပိဿာလျှင် ၁၀၀၀ကျပ်ခန့် ဈေးအနည်းငယ်ပြန်ကျသွားကြောင်းတွေ့ရပါသည်။ မြေပဲဆံဈေးနှုန်းအနည်းငယ်ကျသွားသော်လည်း မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဖြင့်  တစ်ပိဿာ ၅၀၀ကျပ်ခန့်ဈေးပြန်ကျသွားခဲ့ပါသည်။ ယခုကဲ့သို့ မြေပဲဆီဈေးနှုန်းများကျဆင်းလာရခြင်းမှာ နိုင်ငံတော်အနေဖြင့် သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများကိုရောင်းချပေးခြင်း၊  မြေပဲများ အထွက်လှိုင်ချိန်ဖြစ်သဖြင့် ဈေးကွက်တွင် မြေပဲဆန်လက်ကျန်များနေသဖြင့် ဆီဈေးမှာ အနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရပါသည်။

နှမ်း

    ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းသီးနှံမှာ ယခုအချိန်တွင် ပြည်ဈေးကွက်သို့ မိုးနှမ်းအသစ်များ နေ့စဉ် ဝင်ရောက်မှုရှိပြီး တစ်နေ့လျှင် အိတ်(၁၀၀၀)ခန့်ဝင်ရောက်မှုရှိကြောင်းတွေ့ရပါသည်။ မိုးနှမ်းသစ်များမှာ နေ့စဉ် ဝင်ရောက်နေပြီး မိုးညို၊ မြန်အောင်၊ ကြံခင်းနှင့် နတ်တလင်းဘက်မှ နှမ်းနက်များလည်းဝင်ရောက်မှုရှိပါသည်။ ဝင်ရောက်လာသည့်နှမ်းနက်များကို မန္တလေးဝယ်လက်များက အများဆုံးဝယ်ယူကြပြီး ရန်ကုန်ဝယ်လက်များက အနည်းငယ်သာဝယ်ယူကြောင်းသိရှိရပါသည်။ ပြည်ခရိုင်အတွင်း၌ နှမ်းနက်သာအများအပြားစိုက်ပျိုးပြီး ဆီကြိတ်နှမ်းနီကို အနည်းငယ်သာစိုက်ပျိုးကြသဖြင့် ဆီစက်သမားများက ဆီကြိတ်ရန်လိုအပ်ချက်ရှိသည့်အခါ တခြားမြို့နယ်များမှဝယ်ယူ၍ ကြိတ်ခွဲကြကြောင်းသိရပါသည်။ နှမ်းဆီကို ပြည်ခရိုင်တွင် စားသုံးမှုနည်းသော်လည်း အခြားဆီများနှင့်ရောစပ်၍ ရောင်းချသည့်အခါ ဝယ်ယူကြကြောင်းသိရပါသည်။ ယခုစက်တင်ဘာလ ပထမပတ်တွင် နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ (၃) တင်းဝင် တစ်အိတ်လျှင် ၃၁၅၀၀၀ကျပ်၊ နှမ်းနက် (၃) တင်းဝင် တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃ )တင်းဝင် တစ်အိတ်လျှင် ၃၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဩဂုတ်လ တတိယပတ်ဈေးနှင့် နှိုင်းယှဉ်လျှင် နှမ်းနီ  (၃) တင်းဝင် တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ နှမ်းနက်  (၃) တင်းဝင် တစ်အိတ်လျှင် ၄၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း ၃တင်းဝင် တစ်အိတ်လျှင် ၃၀၀၀၀ကျပ် စသည်ဖြင့် ဈေးများအသီးသီးကျဆင်းလာခဲ့ကြောင်းသိရပါသည်။ ယခုကဲ့သို့ နှမ်းဈေးများကျဆင်းလာရခြင်းမှာ နှမ်းအထွက်လှိုင်ချိန်ဖြစ်ခြင်း၊ ဈေးကွက်မှ နှမ်းလက်ကျန်များလာသဖြင့် ဈေးနှုန်းများကျဆင်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ယခင်လ တတိယပတ်နှင့်ယှဉ်လျှင်  ၂၀၀၀ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာသည်ကိုတွေ့ရပါသည်။

  ထို့ကြောင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြေပဲနှင့်နှမ်းများအနက် အရည်အသွေးကောင်းသည့်မျိုးများကိုရွေးချယ်၍ စိုက်ပျိုးလာနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများဖူလှုံလာမည်ဖြစ်ပြိး စားသုံးသူများအနေဖြင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း မျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍ စိုက်ပျိုးသဖြင့် ပြည်ပတင်ပို့ရန် အရည်အသွေးကောင်းသောသီးနှံများရရှိနိုင်ပြီး ပြည်ပဝင်ငွေများလည်းရရှိနိုင်မည်ဖြစ်ကာ တောင်သူများအနေဖြင့်လည်း အကျိုးအမြတ်များရရှိ၍း အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)