ပြည်ဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ မိုးရာသီကာလ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဘုရားပန်းအိုးများကပ်လှူပူဇော်ရန်အတွက် အရောင်အသွေးစုံလင်လှသောသစ္စာပန်းများကို ဈေးကွက်ထဲ၌ ရောင်းချလျက်ရှိပါသည်။ ဈေးကွက်တွင် ရောင်းချနေသောသစ္စာပန်းများကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာဘက်မှ လာရောက်ရောင်းချသည့်အပြင် ပြည်ခရိုင်၊ ရွှေတောင်ဘက်မှလည်း သစ္စာပန်းများကို လာရောက်ရောင်းချကြောင်းသိရပါသည်။
သစ္စာပန်းမှာ ဘုရားကပ်လှူရန်ဖြစ်စေ၊ ပန်းအလှထိုးရန်ဖြစ်စေ၊ ပန်းပြပွဲများ၌ ပန်းအလှပြရန်ဖြစ်စေ အသုံးများသောပန်းတစ်မျိုးဖြစ်ပါသည်။ သစ္စာပန်းသည် အရောင်အသွေးစုံလင်လှပြီး အဖြူရောင်၊ ပန်းနုရောင်၊ ခရမ်းရောင်၊ မရမ်းရောင်၊ အနီရောင် (အနု/အရင့်) နှင့် အဝါရောင် (အနု/ အရင့်) ဟူ၍ရှိပါသည်။ သစ္စာပန်းကို မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပန်းမျိုးဥတစ်သောင်းခန့်လိုအပ်သည်ဟုသိရပါသည်။ ပန်းပင်ကို မိုးတွင်း၌ စိုက်ပျိုးသော်လည်း မိုးပြတ်သွားလျှင် အပင်အခြေအနေကိုကြည့်၍ ရေသွင်းပေးနိုင်ပါသည်။ ရေသွင်းသည့်အခါ နှံ့နှံ့စပ်စပ်သွင်းပေးရန်လိုအပ်ပြီး အပင်ပေါက်ညီ၍ အပွင့်များလည်းလှပမည်ဖြစ်ပါသည်။
ပြည်ခရိုင်မြို့နယ်များဖြစ်သော ပြည်မြို့ရှိ ကျေးရွာများနှင့် ရွှေတောင်မြို့ရှိ ကျေးရွာများတွင် သစ္စာပန်းကို တစ်နိုင်တစ်ပိုင်လည်းစိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသောသစ္စာပန်းများကို ပန်းဒိုင်များမျာ အခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်းသိရပါသည်။ ထိုမှတစ်ဆင့် ဈေးကွက်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးကွက်များတွင် ရောင်းချသောသစ္စာပန်းဈေးများမှာ (၅)ခိုင်ပါ းတစ်စည်းလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)