ပခုက္ကူခရိုင်တွင် မိုးမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် စပါးစိုက်ဧကနည်း၍ ဆန်လိုဒေသဖြစ်သော်လည်း ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ဆီထွက်သီးနှံဖြစ်သော မိုးမြေပဲ သီးနှံမှာ ပခုက္ကူမြို့နယ်တွင် (၂၅၁၄၆)ဧက၊ ရေစကြိုနယ်တွင် (၉၃၂၂)ဧက၊ မြိုင်မြို့နယ်တွင် (၅၆၄၇၈)ဧက၊ ပေါက်မြို့နယ်တွင် (၅၀၃၀၇)ဧက၊ ဆိပ်ဖြူမြို့နယ်တွင် (၁၁၄၉၃)ဧက စုစုပေါင်း (၁၅၂၇၄၆)ဧက စိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

    မိုးမြေပဲ (၃လ)ကို ၂၀၂၃ခုနှစ်၊ မေလတွင် စိုက်ပျိုးပြီး ယခုစက်တင်ဘာလတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ တစ်ဧကလျှင် မြေပဲအတောင့်ကို စိုက်ပျိုးပါက (၃)တင်းမှ (၃)တင်းခွဲ အထိ ကုန်ကျကြောင်း၊ အဆန်ကို စိုက်ပျိုးပါက တစ်တင်း၊ တစ်တင်းခွဲခန့် ကုန်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က ကျပ်(၃၅၆၅၀၀) ရှိခဲ့သော်လည်း ယခုနှစ်တွင် သွင်းအားစုများ၊ ထွန်ယက်ခ၊ လုပ်သားခများ ဈေးမြင့်လာသောကြောင့် ယခုနှစ်တွင် ကျပ် (၇၇၇၀၀၀)ခန့် ကုန်ကျကြောင်းသိရှိရပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀-၄၅)တင်းခန့် ထွက်ရှိကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့်အစို တစ်တင်းလျှင် ကျပ်(၂၃၁၀၀)၊ မြေပဲ (ဗြန့်လုံးဆန်အဟောင်း) တစ်ပိဿာလျှင် ကျပ်(၇၂၀၀-၇၂၅၀)၊ အဖြူလုံးသစ် တစ်ပိဿာလျှင် ကျပ် (၆၅၀၀-၆၆၀၀)၊ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ရှိသောကြောင့် သွင်းအားစုများ ဈေးမြင့်လာ၍ ကုန်ကျစရိတ်မြင့်လာပြီး ရောင်းဈေးပါ မြင့်တက်လာသော်လည်း ယခုမြေပဲအစို တောင့်ဈေးနှင့်ပင် တစ်ဧက   ကျပ် (၂၆၀၀၀၀) ကျော်အမြတ်ရရှိပြီး မြေပဲများ အခြောက်လှန်း၍ မြေပဲဆံများ ကြိတ်ခွဲရောင်းချချိန်တွင် တောင်သူများ ပို၍အကျိုးအမြတ်ရရှိမည်ဖြစ်ပါသည်။

  မြေပဲဆံကို ဆီကြိတ်ရာတွင်သာမက မြေပဲယိုများ၊ မြေပဲဆားလှော်များ၊ မြေပဲဆန်ကို ကြိတ်၍ရသော ကြိတ်ဖတ်များကို နှမ်းဖတ်ချဉ်အဖြစ်လည်းကောင်း ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ မြေပဲပင်မှထွက်ရှိသော မြေပဲရိုး၊ မြေပဲမှော်များကိုလည်း တိရိစ္ဆာန်စာအဖြစ်လည်း အသုံးပြုနိုင်သောကြောင့် မြေပဲသီးနှံကို တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)