ပြည်မြို့ရှိဈေးကွက်များတွင် ကွမ်းသီးများရောင်းချမှုမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြန်မာအမျိုးသားတိုင်းလိုလို ကွမ်းများစားသုံးကြသဖြင့် ကွမ်းရွက်နှင့် ကွမ်းသီးမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်မြို့ရှိ ကွမ်းသီးအရောင်းဆိုင်များမှာ ကွမ်းသီးကို ရန်ကုန်ဘက်မှဝယ်ယူကြသလို ကော့သောင်းနှင့် ထားဝယ်ဘက်မှလည်း ဝယ်ယူ၍ရောင်းချကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ကွမ်းသီးပင်ကို ပဲခူးတိုင်း (အရှေ့) တောင်ငူ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေး၊ ကျိုက္ခမီနှင့် စစ်တွေတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ကွမ်းသီးပင်ကို အခြားသီးပင် များဖြစ်သော သရက်၊ ပိန္နဲပင်၊ မရန်းပင် ၊ အုန်းပင်တို့နှင့် ရောနှော၍စိုက်ပျိုးကြပါသည်။ ကွမ်းသီး များသည် သီတင်းကျွတ်၊ တန်ဆောင်မုန်းလနှင့် နတ်တော်လများတွင် ကွမ်းသီးများ ခူးဆွတ်ရပါသည်။ မြန်မာစာဆိုများက " တံတားဦးကကွမ်းနုဝါ၊ ငမျှာကဆေး၊ ကွမ်းသီးတောင်ငူ၊ ကိုင်းထုံးဖြူ၊ ပြည်ရှား သာဝါးလို့ထွေး" ဆိုသည့်စကားအတိုင်း တောင်ငူဘက်မှ ကွမ်းသီးမှာ အကောင်းဆုံး ဖြစ်သည်ဟု သိရပါသည်။ ပြည်မြို့အနေဖြင့် ကွမ်းသီးကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ၊ အိမ်ခြံဝန်းများ အတွင်း အလှအပင်အနေဖြင့် စိုက်ပျိုးကြောင်း သိရပါသည်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း၌ ပြည်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီးဈေးနှုန်းများမှာ ကော့သောင်းခြမ်း တစ်ပိဿာလျှင် (၄၁၀၀)ကျပ်၊ ထားဝယ်ခြမ်း တစ်ပိဿာလျှင် (၄၃၀၀)ကျပ်ဖြင့် ရောင်းချသလို ကွမ်းသီးစိတ် ဈေးမှာ (အသန့်)တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကွမ်းသီးစိတ် သောင်းပြောင်းရောရာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ပြည်ဈေးကွက်ရှိကွမ်းသီးများကို ဒေသတွင်း ဖြန့်ဖြူးသလို နယ်များသို့လည်း တင်ပို့ရောင်းချသဖြင့် တစ်နေ့လျှင် ပိဿာချိန် (၈၀)မှ (၁၀၀) အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)