ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရာသီစာသီးနှံများနှင့် အလှပန်းအမျိုးမျိုး လှိုင်လှိုင် ပေါ်ချိန်ဖြစ်ပါသည်။ ပြည်မြို့ဈေးကွက်တွင်ရောင်းချသော ဩဇာသီးများကို မှော်ဇာ၊ တောင်လုံးညိုဘက်မှ လာရောက်ရောင်းချသည့်အပြင် ပေါင်းတလည်ဘက်မှ ထွက်ရှိသောအသီးများနှင့် ပြည်တစ်ဘက်ကမ်း ရွှေဘုံသာရွာမှ ထွက်ရှိသောအသီးများဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျား ဩဇာသီးများ စတင်ထွက်ပေါ်ချိန်တွင် ရွှေဘုံသာရွာအနောက်ဘက် လက်ပံရွာမှထွက်ရှိသော ဩဇာသီးများဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးပြီး မျက်ကွင်းပြဲသော (ရှယ်)သီးများမှာ တစ်လုံးလျှင် (၇၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြပြီး၊ အကြီး၊ အသေးရောရာ အလုံး(၃၀)ပါတစ်ခြင်းကို (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ဩဇာသီးများကို ယခုအခါ နယ်များသို့တင်ပို့ ရောင်းချမှုရှိသောကြောင့် အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။
DOCA(ပဲခူး)