ကုလားပဲစိုက်တောင်သူများ၏ မျှော်လင့်ချက်

Powered by Drupal

       ပဲမျိုးစုံစိုက်ပျိုးရာတွင် ကုလားပဲသီးနှံကို နွေ၊ မိုး၊ ဆောင်းဥတုသုံးမျိုးရှိသည့်အနက် ဆောင်းရာသီ ကာလဖြစ်သော အောက်တိုဘာလလယ်မှ နိုဝင်ဘာလအတွင်း ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပြီး စိုက်ပျိုး သက်တမ်း(၃)လခွဲအကြာတွင် ရိတ်သိမ်းရပါသည်။ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုလားပဲစိုက်တောင်သူများ၏ ရင်တွင်းစကားသံ များကိုသိရှိနိုင်ရန် (၇.၁၂.၂၀၂၁)ရက်နေ့ (၉:၀၀)နာရီအချိန်တွင် ရွာသစ်ကျေးရွာသို့ ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ရာ စိုက်ပျိုးတောင်သူများသည် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးဧကများသော်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ဒေသတွင်းစားသုံးမှုဖူလုံလျက်ရှိပါကြောင်း၊ ဆောင်းသီးနှံကုလားပဲများစိုက်ပျိုးရာတွင် ကုလားပဲ လုံးအဖြူ အလုံးကြီး (V-2)၊ ကုလားပဲဖြူအလုံးသေး(V-1)နှင့် ကုလားပဲနီအလုံးသေး (ဗမာ) ကုလားပဲမျိုးကို အဓိကထားပြီးစိုက်ပျိုးကြပါကြောင်း၊ ယခုနှစ်တွင် ကုလားပဲမျိုးအပေါ်မူတည်ပြီး မျိုးတစ်တင်းလျှင် ငွေကျပ် (၄၀၀၀၀)မှ (၄၅၀၀၀)အတွင်း ပြန်ဝယ်ရကြောင်း၊ တစ်ဧကစိုက်ပျိုးမည်ဆိုလျှင် အလုံးကြီး(၂တင်းခွဲ)၊ အလုံးသေး(၁တင်းခွဲ)ကျဲပက်ရကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၁၅ တင်း)မှ (၁၈ တင်း)ဝန်းကျင်ထွက်ရှိ နိုင်ပြီး မျိုးထူထူချပြီး ရာသီဥတုကောင်းမွန်ပါက တင်း(၂၀)အထိ ထွက်ရှိနိုင်ပါကြောင်း၊ တစ်ဧကကုန်ကျ စရိတ်မှာ ကျပ်(၂)သိန်းခွဲ ဝန်းကျင်ထိ ကုန်ကျမှုရှိပါကြောင်း ယခုကုလားပဲတစ်တင်းဈေးနှုန်းအနေဖြင့် ကျပ် ၄၀၀၀၀ ခန့်ရှိပါကြောင်း ကုလားပဲစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။

        ယခုနှစ် ဆောင်းကုလားပဲများကို ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများသည် အောက်တို ဘာလအတွင်း မျိုးစေ့ကျဲပက်သူများသည် အပင်ပေါက်စုံပြီး နိုဝင်ဘာလအတွင်း ကျဲပက်သူများသည် ရာသီ ဥတုရုတ်တရက်ပြောင်းလဲမှုကြောင့် မြေအစိုဓာတ်ဟာပြီး အပင်ပေါက်နည်းခြင်း၊ အပင်ပေါက်မစုံခြင်းတို့ကြောင့် ရေသွင်းပြီးစိုက်ပျိုးနေရကြောင်း၊ ရေသွင်းရာတွင် တစ်နာရီလျှင် အလုပ်သမားခ၊ စက်ခ၊ ဒီဇယ်ဆီ ဝယ်ယူခ စုစုပေါင်းငွေကျပ် (၁)သောင်း ဝန်းကျင်ခန့်ကုန်ကျပြီး၊ တစ်ဧကလျှင် (၄)နာရီခန့် ရေသွင်းရပြီး ငွေကျပ်(၄)သောင်း ခန့်ကုန်ကျပါကြောင်း၊ နှစ်စဉ်ထက် ကုန်ကျမှုများပြားလျက်ရှိကြောင်း စိုက်ပျိုး တောင်သူမှတစ်ဆင့် သိရှိရပါသည်။

          စားသုံးသူပြည်သူများသည် ပဲကို အဓိကထား၍ စားသုံးခြင်း၊ ဒေသတွင်းဝယ်လိုအား ရောင်းလိုအားကောင်းခြင်း၊ ပဲဖြင့်ပြုလုပ်သော စားသောက်ကုန်မျိုးစုံ ပြုလုပ်ခြင်းတို့ကြောင့် ယခုနှစ် သီးနှံစိုက်ပျိုးထွက်ရှိမှု ပိုမိုကောင်းပါက အကျိုးအမြတ်များစွာရရှိမည်ဟု မျှော်လင့်ရပါကြောင်း၊ ကုလားပဲစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)