မြန်မာလူမျိုးတို့၏ မနက်စာအစားအစာအဖြစ် နေ့စဉ်စားသုံးနေသည့် မုန့်ပဲသားရေစာများထဲတွင် မုန့်ဟင်းခါးသည် အဓိကအစားအစာတစ်မျိုးဖြစ်ပါသည်။ မုန့်ဟင်းခါးဖတ်ကို ဆန်ဖြင့်ပြုလုပ်ရပြီး မုန့်ဟင်းခါးဖတ်လုပ်ငန်းသည် အိမ်တွင်းမှုစက်မှုလုပ်ငန်းတစ်မျိုးဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့များလည်းပေးလျက်ရှိပါသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများထဲတွင် မုန့်ဟင်းခါးဖတ်တစ်ခုသည်လည်း အပါအဝင်ဖြစ်ပါသည်။
မုန့်ဟင်းခါးဖတ်ရရှိရန်အတွက် ဆန်ကြမ်းကိုအခြေခံ၍ပြုလုပ်ရပြီး ဆန်တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် (၆)ပိဿာခန့်ထွက်ရှိကြောင်းသိရပါသည်။ ဈေးကွက်အတွင်း ရောင်းချသောမုန့်ဟင်းခါးဖတ်ဈေးမှာ တစ်ပိဿာလျှင် (၁၆၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ယခင် ၂၀၂၂ခုနှစ်တွင် မုန့်ဟင်းခါးဖတ်တစ်ပိဿာလျှင် (၉၀၀)ကျပ်ဈေးဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် မုန့်ဖတ်ဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ မုန့်ဖတ်ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ ကုန်ကြမ်းဖြစ်သောဆန်ကြမ်းဈေးများမြင့်တက်လာရခြင်း၊ အလုပ်သမားစရိတ်များမြင့်တက်လာရခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်။
မုန့်ဟင်းခါးဖတ်ကို ယခင်က မိရိုးဖလာအိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် အရင်းအနှီးများများဖြင့် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ မုန့်ဟင်းခါးဖတ်ကိုလည်း တစ်ဆင့်မြှင့်ထုတ်ကုန်အဖြစ် မုန့်ဖတ်ခြောက်လုပ်ငန်းပြုလုပ်၍ ရောင်းချပေးမည်ဆိုပါကလည်း အကျိုးအမြတ်များရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်သမားများများဖြင့် လုပ်ငန်းများတိုးတက်အောင်ထုတ်လုပ်လာမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အသေးစား၊ အလတ်စား MSMEs လုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)