ဖန်ခါးပင်သည် မြန်မာနိုင်ငံ မြေပြန့်ဒေသနေရာအနှံ့တွင် ပေါက်ပါသည်။ မိုးဦးကာလတွင် အပွင့်ပွင့်၍ အကင်းများထွက်ပါသည်။ မိုးလယ်ကာလတွင်အသီးများကို ဆွတ်ခူးနိုင်ပြီး ဈေးကွက်အတွင်းသို့ ရောင်းချပါသည်။ ဖန်ခါးသီးသည် ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါသည်။
ဖြူးမြို့ စည်ပင်သာယာဈေးအတွင်း ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(တတိယပတ်)၌ ဖန်ခါးသီး နို့ဆီဘူးတစ်ဘူးလျှင် ၅၀၀ ကျပ်၊ တစ်ပြည်လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ နို့ဆီဘူးတစ်ဘူးလျှင် ဖန်ခါးသီး ၂၄ လုံးမှ ၂၈ လုံးအထိ ပါကြောင်း၊ နိုဝင်ဘာလအထိ ရောင်းရကြောင်း သိရပါသည်။
ဖန်ခါးသီးသည် ခံတွင်းကို ကျန်းမာစေခြင်း၊ နာကျင်မှုကို သက်သာစေခြင်း၊ သွေးတွင်း ကိုလက်ထရောကို ထိန်းညှိပေးခြင်း၊ ဓါတ်တိုးပစ္စည်းများကို ဖယ်ရှားပေးခြင်းစသည့် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ဖြစ်စေပါသည်။
ဖန်ခါးသီးတွင် ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်၊ အမိုင်နိုအက်ဆစ်၊ ပလေဘာနိုက်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း သိရပါသည်။
မြန်မာတို့သည် ဖန်ခါးသီးကို အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ဆားရည်စိမ်၍လည်းကောင်း၊ ဖန်ခါးထောင်းအဖြစ်လည်းကောင်း စားသုံးကြပါသည်။
ဆေးဖက်လည်းဝင်၊ အာဟာရဓါတ်လည်းပါဝင်ပြီး ဈေးနှုန်းသင့်တင့်သည့်ဖန်ခါးသီးသည် ရာသီပေါ်ချိန်တွင် ရောင်းအားကောင်းကြောင်း သိရပါသည်။
DOCA(ပဲခူး)