ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုန်မှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရွာဘဲရပ်ကွက်၊ နဝဒေးရပ်ကွက်၊ ခေတ္တရာရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ နဝင်းရပ်ကွက် စသည့်ရပ်ကွက်အစုံနှင့် နယ်ဘက်၊ ရွာဘက်နေရာအစုံတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချကြကြောင်း သိရပါသည်။ ပြည်လက်လီဈေးများသို့ တစ်ပတ်လျှင်နေ့စဉ် ၇ပိဿာ၊ ၈ပိဿာခန့် အဝင်ရှိနေပြီး ဈေးကွက်အတွင်းအဝင်ရှိသလောက် ရောင်းကောင်းကြောင်းလည်း သိရပါသည်။ ငွေနှင်းမှုန်မှိုကို ကန်စွန်းရွက်နှင့်ရော၍ ကြော်စားခြင်းဖြင့်လည်းကောင်း ငရုတ်သီး၊ မျှင်ငါးပိနှင့် အစပ်ဟင်းချက်၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပြီး သတ်သတ်လွတ်သမားများလည်း အကြိုက်တွေ့စေမည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့ဈေးကွက်တွင် ဈေးနှုန်းအားဖြင့် ငွေနှင်းမှုန်မှို ၁၀ကျပ်သားလျှင် ကျပ် ၆၀၀-၇၀၀-၈၀၀ နှုန်းတို့ဖြင့်ရောင်းချမှုရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)