စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

    မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ အများဆုံး စိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာ၊ နှုန်းကြီးကျေးရွာစသည့် ကျေးရွာများမှ ကြက်သွန်နီများ တင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလ (တတိယ) အပတ်၏ ကြက်သွန်နီ လက်ကားဒိုင်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၄၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၂၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ဖြင့် နေ့စဉ်အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

     မုံရွာမြို့ပေါ်ရှိ ကန်သာယာဈေးနှင့် ဈေးဟောင်းတို့တွင် ကြက်သွန်နီ လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည်းအသွေးကိုလိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၉၀၀-၃၀၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၆၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၁၀၀-၂၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန် မဟုတ်သေးပဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာ ရောင်းချနေကြရခြင်းဖြစ်သဖြင့် လက်ကျန်နည်း၍ ဈေးနှုန်းမှာ ယခင်လထက် အနည်းငယ်မြင့် တက်နေကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)