မုံရွာမြို့၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စားအုန်းဆီဈေးနှုန်းမှန်ကန်မှုရှိစေရေး ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်(၉း၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊လုပ်ငန်းရှင်များ၊ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ စုစုပေါင်း (  ၄၅ )ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၊ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲရောင်းချရာတွင် ဆီများကို ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေရေး လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသ ကြီးအတွင်း စားအုန်းဆီဖြန့်ခွဲရောင်းချမှု ကြီးကြပ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ တက်ရောက်လာကြသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များကိုယ်စား ဦးတင်ဝင်း(ဆီကုန်သည်)က စားအုန်းဆီရောင်းချနေမှုနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။  အဆိုပါ ဆွေးနွေးမှုအပေါ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား ဈေးနှုန်း၊ အရေအတွက်မှန်ကန်စေရေး၊ရောဆီစပ်ဆီ၊အနံ့ထည့်ဆီများ ရောင်းချမှုမရှိစေရေး၊ လိုအပ်သည်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို မှာကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂း၀၀)အချိန်တွင် ရုတ်သိမ်း၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)