စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးသို့ (၂၈.၉.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် မြင်းခြံမြို့ရှိ ငွေလမင်းနှင့် သော်တာထွန်း ပဲကြော်လုပ်ငန်းလုပ်ကိုင်သူများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးမောင်ထူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင် ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ခေါ်ဆိုတာဖြစ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များအား သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ် စည်ကမ်းများနှင့်အညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိ၏စီးပွားရေးတိုးတက်ဖို့တစ်ခုတည်းဖြင့် နည်းလမ်းမမှန်မကန်စီးပွားရှာမှုများအား ရှောင်ရှားသင့်ကြောင်း၊ စားသုံးသူအား စိတ်စေတနာ အပြည့်အဝထား၍ နည်းလမ်းမှန်ကန်စွာဖြင့် လုပ်ဆောင်ပါက လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)