မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးမြေပဲများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။ ငါန်းဇွန်မြို့နယ် အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၁၈၂၆၀)ဧကရှိခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၁၈၃၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ(၄၇)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း နှင့်၂၀၂၃နှစ်တွင် မိုးမြေပဲစိုက်ပျိုးရန်လျာထားဧက (၁၈၂၆၅)ဧကရှိပြီး၊ စိုက်ပျိုးမှုအနေဖြင့် (၁၈၉၆၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ တောင်သူများမှာ မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များ ဖျက်စီးစားသောက်မှု အခြေအနေများပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲဆံ (၁၀)ပြည် မှ(၁၈)ပြည်ဝန်းကျင်နှုန်းများဖြင့် ထည့်သွင်းစိုက်ပျိုးကြပါသည်။ နေရာဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တစ်ချို့မှာ ပင်ပြားပဲမျိုးကို စိုက်ကျင်းဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံစေ့(၄ ၊ ၅) စေ့ နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးကြပြီး တစ်ချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်း ရှိပါသည်။ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ မြေပဲကို ပဲစင်းငုံသီးနှံနှင့်ရော၍ သီးညှပ် စိုက်ပျိုးမှုမှာများကြောင်းသိရှိရပါသည်။ ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေးနှုန်းအနေဖြင့် ပဲဆံတစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင်(၂၅၀၀၀)ကျပ် ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် မျိုးပဲဆံတစ်ပြည်လျှင်(၇၀၀၀)ကျပ်၊ အတောင့်တစ်တင်းလျှင် (၄၀၀၀၀)ကျပ်ဝန်းကျင်များရှိကြောင်း သရက္ကန်အုပ်စု အောင်ချမ်းသာကျေးရွာမှ ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။ အုပ်စု အတွင်းရှိ ကျေးရွာများအနေဖြင့် ပင်ထောင်မျိုးများကို အတန်းဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲနှင့်အတူ ပဲစင်းငုံသီးနှံကို မြေပဲစိုက်တန်း(၄)တန်းလျှင် ပဲစင်းငုံ (၁)တန်းဖြင့် သီးညှပ် ထည့်သွင်းစိုက်ပျိုးကြပါသည်။ မိုးမြေပဲကို နှစ်စဉ် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိရာ စက်တင်ဘာလဒုတိယပတ်မှစ၍မြေပဲများ ရိတ်သိမ်းထွက်ပေါ်လျက်ရှိရာ မြေပဲတောင့်အစိုတစ် တင်းလျှင်(၃၀၀၀၀)ကျပ်၊ အခြောက်တစ်တင်းလျှင်(၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် ကျေးရွာများတွင်အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် တောင်သူစိုက်ကွက် တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၀) နှင့်(၄၀)တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ စိုက်ပျိုးသည့် ယာမြေ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ် မူတည်၍ အထွက်နှုန်းများပြောင်းလဲ ကွာခြားမှုရှိကြောင်း၊ ယခင်နှစ်မြေပဲပေါ်ချိန် အဖွင့်ဈေးအနေဖြင့် မြေပဲအခြောက်တစ်တင်းလျှင်(၃၀၀၀၀)ကျပ်ဝန်းကျင် ရှိခဲ့ပြီး၊ အပိတ်ဈေးအနေဖြင့် တစ်တင်းလျှင် (၃၅၀၀၀)ကျပ် ဝန်းကျင်ရှိခဲ့ကြောင်း အောင်ချမ်းသာကျေးရွာ မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)