အရောင်းသွက်နေသောထင်းအစားထိုးလောင်စာစပါးခွံမီးသွေးတောင့်ဈေးကွက်

Powered by Drupal

         ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် မြို့နယ်စစ်ဆေးရေးမှူး ဒေါ်ခင်စန်းအေးတို့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၅)ရက်နေ့တွင် သရက်ချောင်းကျေးရွာရှိ (၁၁၁)ဆန်စက်သို့ သွားရောက်၍ ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဝယ်ယူမှု အခြေအနေ၊ ဆန်ကြိတ်ခွဲ တင်ပို့မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ဆန်စက်တွင် စပါးခွံမီးသွေးတောင့် ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါဆန်စက်အနေဖြင့် စပါးကြိတ်ခွဲထုတ်လုပ်ခြင်းနှင့်အတူ ကြိတ်ခွဲရာမှ ထွက်ရှိလာသည့် စပါးခွံများအား စပါးခွံမီး‌သွေးလောင်စာတောင့်အဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး ထင်းအစားထိုးလောင်စာတောင့် ဈေးကွက်ဖော်ဆောင် ဆောင်ရွက်လျက်ရှိပါသည်။ စပါးခွံ (၁၇) ပိဿာ(၅၀)ကျပ်သားကို မီးသွေးတောင့်(၁၆)ပိဿာထွက်ရှိပြီး တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၇၀) အိတ်ခန့်ထွက်ရှိပါသည်၊၊ လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့်  လည်ပတ်သည် ဖြစ်၍ မီးမှန်လျှင် အိတ် (၁၀၀)ခန့်ထွက်ရှိပြီး၊ ၁အိတ်လျှင်လက်လီ(၃၀၀၀)ကျပ်၊ လက်ကားဈေးအနေဖြင့် (၁) အိတ်လျှင်(၂၈၀၀)ကျပ်ဖြင့် ရောင်းချပါသည်။ ထိုလုပ်ငန်းတွင် လုပ်သား(၆)ဦးရှိပြီး တစ်ဦးလျှင် တစ်နေ့(၆၀၀၀/၇၀၀၀)ကျပ် ပေးချေရပါသည်။ ဈေးကွက်အနေဖြင့်ဒေသတွင်းနှင့် ပင်လယ်ပိုင်းဒေသများ၊ ပင်လယ်ထွက်ငါးဖမ်းယာဉ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။

          ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ပုံမှန်ထုတ်လုပ်နိုင်ရေး ဈေးကွက်များကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖြန့်ဖြူးရောင်းချ နိုင်ရေး၊ အလုပ်သမားများ အလုပ်အကိုင်မပြတ်လပ်စေရေး၊ စားသုံးသူပြည်သူများအနေဖြင့် သင့် တင့်သည့်ဈေးနှုန်းနှင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ စွန့်ပစ်ပစ္စည်းများအား ယခု ကဲ့သို့တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၁၉ ခုနှစ်၊စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)