ရေစကြိုမြို့နယ်အတွင်း မိုးစိုက်(ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ပေါင်းစုံရာ မြစ်ရေကြီးချိန်တွင် ရေဝင်ရောက်သည့် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်း ကျေးရွာ များဖြစ်သည့် ကုန်းတလင်း၊ ဇီးကုန်း၊ဇီးကုန်းကျွန်း၊သူဌေးကုန်းနှင့် ကန်ဒေါင့်ကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက်(ခေါ်) ဥစိုက်ကြက်သွန်နီများ အများအ ပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

     မျိုးဥများအနေဖြင့် ယခင်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် စိုက်ပျိုးသည့်ပျိုးပင်စိုက် ကြက်သွန်နီများမှ ထွက်ရှိလာသည့် ဒေသခေါ် (ကျမ်းကျွံ)ဥသေးများနှင့် မျိုးစေ့ကို ကျဲပက်၍ စိုက်ပျိုး ရာမှထွက်ရှိလာသည့် ဒေသခေါ်(ဇော်မွှား) မျိုးဥများကို စိုက်ပျိုးကြကြောင်း၊ မျိုးဥ(၁)ပိဿာလျှင် ကျပ်(၃၅၀၀) ဝယ်ယူရကြောင်း၊ (၁)ဧကစိုက်ပျိုးရာတွင် မျိုးဥ(၃၀၀ မှ ၃၅၀)ပိဿာခန့် ကုန်ကျ ကြောင်း၊ မျိုးဥအရွယ်အစား အကြီး၊အသေးပေါ်တွင်မူတည်၍ (၁)ဧကကုန်ကျမူပိဿာများ ကွာခြားလျက်ရှိပါကြောင်း ယခုနှစ်တွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၅၀၀၀၀၀)ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ်က မျိုးဥ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၊ ၂၀၀၀)ခန့်ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅၀၀၀၀၀)ခန့်ကုန်ကျကြောင်းကို ကုန်းတလင်းကျေးရွာမှ စိုက်ပျိုး တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

    မိုးစိုက်(ခေါ်)ဥစိုက်ကြက်သွန်နီများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် တူးဖော်ရမည် ဖြစ်ကြောင်း(၁)ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀၀)မှ(၃၅၀၀)ခန့် ထွက်ရှိနိုင်ကြောင်း ယခုဈေးနှုန်းအနေဖြင့် ကျပ်(၂၅၀၀)မှ(၃၀၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကုန်တလင်းကျေးရွာတွင် တောင်သူ(၁၀)ဦး၊ (၂၅)ဧက စိုက်ပျိုးကြပြီး  မိမိအနေဖြင့် ယခုနှစ်တွင်(၃) ဧကခန့် စိုက်ပျိုးထားကြောင်း၊ ပတ်ဝန်းကျင်ရှိကျေးရွာများတွင်လည်း ဧက(၅၀၀)ခန့်စိုက်ပျိုးကြကြောင်း၊ တူးဖော်ချိန်တွင် ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းအနေဖြင့် ယခုလက်ရှိဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိ၊ ရာသီဥတုလည်း ကောင်းမွန်ပြီး ခန့်မှန်းအထွက်နှုန်းအတိုင်း ထွက်ရှိမည်ဆိုပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)