ပခုက္ကူမြို့၌ ဆန်ဈေးနှုန်းများကျဆင်းနေ

Powered by Drupal

   ပခုက္ကူမြို့သည်စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့်မြို့နယ်များမှ ဆန်တင်သွင်းရပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွှေဘို၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

  ပခုက္ကူဒေသတွင် ဆန်များမှာယူစားသုံးနေရသော်လည်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ဆန်ဈေးနှုန်းများကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀ မှ ၁၂၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀ မှ ၁၅၀၀၀၀)၊ ဧည့်မထ ဆန်မျိုး ဖြစ်သော ခြံဧရာတစ်အိတ်လျှင် ကျပ်(၉၈၀၀၀ မှ ၉၅၀၀၀)၊ အောင်သုခဆန်  တစ်အိတ်လျှင် ကျပ် (၉၀၀၀၀ မှ ၈၇၀၀၀)၊ လိပ်မလေးဆန် တစ်အိတ်လျှင် ကျပ်(၉၀၀၀၀ မှ ၈၈၀၀၀)၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀ မှ ၁၂၀၀၀၀)၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ် (၁၂၀၀၀၀ မှ ၉၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၅၀၀၀ မှ ၈၂၀၀၀)အသီးသီးဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။

      ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်းမွန်ပြီး အောက်တိုဘာလ(ဒုတိယပတ်)တွင် တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀ မှ ၁၃၀၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀ မှ  ၁၂၀၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန် ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)