သီတင်းကျွတ်ရာသီတွင် စက္ကူမီးပုံးများ ရောင်းအားကောင်းလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်၌ တော်သလင်းလပြည့်ကျော်မှ သီတင်းကျွတ်လဆန်းပိုင်းတို့၌ ရောင်စုံစက္ကူမီးပုံးများ၊ ရောင်စုံစက္ကူကားများ၊ လေယာဉ်ပျံများ၊ သင်္ဘောပုံစံတို့ဖြင့် စက္ကူမီးပုံးများပြုလုပ်၍ တစ်ရာသီ စီးပွားဖြစ်ပြုလုပ်ရောင်းချနေကြောင်း ရပ်ကွက်တွင်းရှိ စက္ကူမီးပုံးပြုလုပ်သူထံမှသိရှိရပါသည်။

     ရောင်စုံစက္ကူမီးပုံများပြုလုပ်ရာတွင် လိုအပ်သောပစ္စာည်းများမှာ ဝါး၊ မှန်ရောင်စက္ကူ၊ ကောက်ညှင်းမှုန့်၊ ဗလာစာအုပ်၊ သစ်သားဘီးလုံး၊ နို့စိမ်းဘူး၊ ပုဆိုးအနည်းငယ်၊ ကြိုးတစ်ထုံး၊ သံကြိုးခွေ တစ်ခွေ၊ လျှာခံပြားများဖြစ်ကြောင်း၊ ဝါးတစ်လုံးလျှင် ကျပ်(၄၀၀၀)၊ ကောက်ညှင်းကော်မှုန့်တစ်ပြည်လျှင် ကျပ်(၂၅၀၀)၊ ရောင်စုံစက္ကူတစ်ချပ်လျှင် ကျပ်(၆၀၀)၊ ဗလာစာအုပ် ဗြောင်အချောတစ်အုပ်လျှင် ကျပ်(၁၅၀၀)၊ သံကြိုးခွေတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ပုဆိုးအကျတစ်ကွင်းလျှင် ကျပ်(၅၀၀)၊ သစ်သားဘီးတစ်စုံလျှင် ကျပ်(၈၅)၊ ကြိုးတစ်ထုံးလျှင် ကျပ်(၂၅၀၀)၊ ဖော့လျှာခံတစ်ခုလျှင် ကျပ်(၂၅)၊ စက္ကူဒီဇိုင်းဆွဲရေးခမှာ  ကျပ်(၂၀၀/၃၀၀)ပေးရကြောင်း၊ ဆီစိမ်စက္ကူတစ်ရွက်လျှင် ကျပ်(၁၀၀)ဖြင့် တစ်နေ့လျှင် အခုရေ (၂၀ မှ ၃၀)ထိပြုလုပ်ရကြောင်း၊ အိမ်တွင်းစီးပွားဖြစ် တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချနေကြောင်းသိရှိရပါသည်။

  ရောင်စုံစက္ကူမီးပုံးများကို ရေစကြို၊ ပေါက်၊ မြစ်ခြေနှင့် ပဲခူတိုင်းဒေသကြီးသို့လည်းတင်ပို့ရောင်းချမှုရှိကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးကြီး၊ လွတ်လပ်ရေးပန်းခြံ၊ ဗိုလ်ချုပ်ပန်းခြံ၊ ရွှေကူဘုရား၊ ရွှေမုဌောဘုရား၊ ပြန့်ကျဈေးနှင့် သီဟိုဠ်ရှင်ဘုရားကြီးတို့တွင်လည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

   ရောင်စုံမီးပုံစက္ကူဈေးနှုန်းများမှာ ရိုးရိုးမီးပုံးတစ်ခုးလျှင် ကျပ်(၅၀၀)၊ အသဲပုံသဏ္ဌာန် မီးပုံးတစ်ခုးလျှင် ကျပ်(၁၀၀၀)၊ အိမ်ပုံသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၁၅၀၀)၊ ကြယ်ပုံသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၁၅၀၀)၊ လေယာဉ်ပျံပုံသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ သင်္ဘောသဏ္ဌာန် မီးပုံးတစ်ခုလျှင် ကျပ်(၂၅၀၀)၊ ကားပုံသဏ္ဌာန် မီးပုံးတစ်ခုးလျှင် ကျပ်(၂၅၀၀)၊ ယုန်ပုံသဏ္ဌာန် လက်တွန်းမီးပုံးတစ်ခုလျှင် ကျပ်(၂၅၀၀)ဖြင့်ရောင်းချကြောင်း၊ ယခုအခါတွင်  သီတင်းကျွတ်မီးထွန်းရာသီဖြစ်သည့်အတွက် ရောင်းအားကောင်းနေကြောင်း အမှတ်(၁၃) ရပ်ကွက်ရှိ မီးပုံးပြုလုပ်သူထံမှသိရှိရပါသည်။

DOCA(မကွေး)