စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် ကလေးများကြိုက်နှစ်သက်သည့် အာလူးချောင်း လေဖောင်းမုန့် ထုတ်လုပ်သော Oriental Family စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
Oriental Family မုန့်လုပ်ငန်းစက်ရုံကို ၂၀၂၂ခုနှစ် နိုဝင်ဘာလက စတင်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။ ကုန်ကြမ်းများအဖြစ် ဆန်၊ ဂျုံ၊ ပြောင်း တို့ကိုအသုံးပြုကာ ဆန်ကို ရွှေဘိုမြို့မှ ဝယ်ယူပြီး၊ ဂျုံနှင့် ပြောင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူသည်။ ထုတ်လုပ်သည့် ခေတ်မီစက်ကရိယာများကို တရုတ်နိုင်ငံက ဝယ်ယူတပ်ဆင် အသုံးပြုပြီး၊ တစ်လလျှင် ကုန်ချော မုန့် ၄၈၀၀ ကီလိုဂရမ် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။
အာလူးချောင်းလေဖောင်းမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ ကုန်ကြမ်းများဖြစ်သည့် အာလူး၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ကို အမှုန့်ကြိတ်စက်တွင် အမှုန့်ကြိတ်ပြီး သတ်မှတ်ထားသော အချိုးအစားအတိုင်း ရောစပ်၍ မွှေစက်(Mixer) အတွင်းသို့ထည့်၍ မွှေရပါသည်။ မွှေစက်မှတစ်ဆင့် အလိုအလျောက် စက်များဖြင့် မုန့်ပုံစံဖော်သည့်စက်သို့ မုန့်မှုန့်များကို ပို့ဆောင်ကာ လိုအပ်သောပုံစံအတိုင်း ပုံစံခွက်(Mold)တပ်ဆင်၍ ပုံစံတကျထုတ်လုပ်ပါသည်။ ပုံဖော်ပြီးသော မုန့်များကို အပူပေးစက် (Oven)သို့ ပို့၍ အပူပေးရသည်။ အပူပေးပြီးပါက သတ်မှတ်ထားသော နှုန်းထားအတိုင်း ချိန်တွယ်၍ ဆီဖြန်းခြင်းနှင့် အရသာမှုန့်နှံ့စပ်အောင်ဖြူးခြင်းလုပ်ငန်းကို ပြုလုပ်ပါသည်။ မုန့်အရသာစံနှုန်း ကိုက်ညီပါက ထုပ်ပိုး(Packing)သည့်စက်သို့ပို့ဆောင်ကာ စက်သည်သတ်မှတ်ဂရမ်အတိုင်း ထုပ်ပိုး ပြီသည့် မုန့်ထုပ်ကလေးများကို ထုတ်လုပ်ပေးပါသည်။ မုန့်ထုပ်ကလေးများကို ၁၀ထုပ် သို့မဟုတ် ၂၀ထုပ်ပါ အထုပ်များထပ်မံထုတ်ပြီး ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။
အာလူးချောင်းကလေးများကို ခရမ်းချဉ်သီးအရသာ(အချိုနှင့်အစပ်)နှင့် ချိစ် အရသာ အဖြစ် သုံးမျိုးထုတ်လုပ်ပါသည်။ စက်ရုံဈေးမှာ တစ်ထုပ်လျှင် ကျပ် ကိုးဆယ်နှင့် တစ်ရာခုနှစ်ဆယ့်ငါးကျပ် နှုန်းများဖြင့် ဖောက်သည်များထံ လက်ကားဈေးနှုန်းဖြင့် ရောင်းချသည့် လေဖောင်းမုန့်ထုပ်များအား တစ်ထုပ်လျှင် ကျပ်တစ်ရာနှင့် ကျပ်နှစ်ရာတန်ဖိုးများဖြင့် ကလေးများက ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးကြကြောင်း သိရပါသည်။ မုန့်ထုပ်လေးများကို အထုပ်၁၀ သို့မဟုတ် အထုပ်၂၀ပါ တစ်ဆွဲထုပ်များကို ၁၂ဆွဲပါ အထုပ်ကြီးများအဖြစ်ထုပ်ပြီး မုံရွာ၊ ကောလင်း၊ ပခုက္ကူ၊ မန္တလေး၊ တောင်ကြီး၊ ရန်ကုန်၊ တနင်္သာရီ စသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။
စက်ရုံ၌ အမျိုးသား ၁၃ဦး၊ အမျိုးသမီး ၁၇ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထား ပြီး၊ နေ့စားလုပ်သားများကိုလည်း အခါအားစွာ ခေါ်ယူလုပ်ကိုင်ကြောင်း၊ လစာလုပ်သား တစ်ဦး တစ်လအနိမ့်ဆုံးလစာ ကျပ် တစ်သိန်းငါးသောင်းမှ ကျပ် သုံးသိန်းငါးသောင်းထိရရှိကြောင်း သိရပါ သည်။
အာလူးချောင်းလေဖောင်းမုန့်ထုပ်ကလေးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများဖော် ပြထားရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကိုလည်း ပြည့်စုံစွာ ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ကလေးများကြိုက်နှစ်သက်သည့် ဈေးနှုန်းချိုသာစွာ စားသုံး သည့် လေဖောင်းမုန့်များကို ခေတ်မီနည်းစနစ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးမှုပုံစံလှလှလေး ဖြင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ များစွာပေါ်ပေါက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။
DOCA(စစ်ကိုင်း)