ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း၌ မြေအောက်ရေတင်စနစ်ဖြင့် ရုံးပတီသီးစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ရုံးပတီသီးကိုစိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကို ရာသီမရွေးစိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် (၁)လကျော်လျှင် အသီးများစတင်ခူးဆွတ်ရပါသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် စားအကောင်းဆုံးအချိန်မှာ ပန်းပွင့်ပွင့်ပြီး (၅/၆)ရက်ခန့်ဖြစ်သည့်အတွက် အပွင့်ပွင့်ပြီး (၇)ရက်နေလျှင် စတင်ခူးဆွတ်ရပါသည်။

   ရုံးပတီသီးကို ဝါဆိုလတွင်စိုက်ပျိုးပြီး တော်သလင်းလ၌ အသီးများသီးကာ စတင်ခူးဆွတ်ရောင်းချရပါသည်။ ရုံးပတီသီးကို တစ်ကျင်းလျှင် (၂/၃)ပင်ခန့်စိုက်ပျိုးပြီး အပင်ရေ (၄၀၀/၅၀၀)ခန့် စိုက်ပျိုးပါသည်။ ရုံးပတီသီးကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကာ ရုံးပတီသီးပင်စတင်စိုက်ပျိုးရန်အတွက် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာနှင် ရေသွင်းခြင်း စသည့်စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀) ကျော် ကျပ်(၃၀၀၀၀)ခန့်ကုန်ကျပြီး တစ်ခါခူးဆွတ်လျှင် (၅)ပိဿာမှ (၇)ပိဿာအထိ ပုံမှန်ခူးဆွတ်ရပြီး ၂ရက်ခြားလျှင်တစ်ကြိမ် ခူးဆွတ်ရပါသည်။

  ထို့ကြောင့် ရုံးပတီသီးပင်မှာ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသောသီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သောသီးနှံပင်ဖြစ်ကြောင်းနှင့် ရုံးပတီသီးတစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀)ကျပ်တို့ဖြင့် မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံသို့ပို့ဆောင်ရောင်းချပြီး အရောင်းအဝယ်ဖြစ်၍ မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရုံးပတီသီးစိုက်တောင်သူ မစိုးနှင်းဖြူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)