ငါန်းဇွန်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းတွင် တည်ရှိပြီး ပူပြင်းခြောက်သွေ့သောရာသီဉတုရှိရာ အမြင့်ဆုံးအပူချိန်(၄၈)ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန်မှာ(၁၂)ဒီဂရီစင်တီဂရိတ်ရှိပါသည်။ ဧရိယာအကျယ်အဝန်းအနေဖြင့် (၃၅၅.၉၉၁)ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ်လူဦးရေနေထိုင်မှုမှာ (၁၄၁၄၄၆)ဦး ခန့်နေထိုင်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းအတွင်း တည်ရှိသည့်အတွက် ယေဘုယျအားဖြင့် ပြန့်ဖြူးလျက်ရှိသော မြေမျက်နှာသွင်ပြင်ရှိပါသည်။ အဓိကအားဖြင့် ပဲမျိုးစုံစိုက်ပျိုးကြပြီး စပါးစိုက်ပျိုးမှုနည်းသည့်အတွက် ဆန်လိုအပ်သည့် မြို့နယ်တစ်ခုဖြစ်ပါသည်။
၂၀၂၁-၂၀၂၂ ခုနှစ် မြင်းခြံခရိုင် မိုးစပါးစိုက်ပျိုးမှုဧကမှာ (၂၃၀၉၃)ဧက ရှိပြီး ငါန်းဇွန်မြို့နယ် အနေဖြင့် (၅၅၀၅)ဧကစိုက်ပျိုးမှုရှိပါသည်။ စိုက်ပျိုးမှုအနေဖြင့် မိုးကောင်းသောက် (၉၆၉)ဧက၊ မြစ်ရေတင်(၃၄၉၃)ဧက၊ ဆည်ရေသောက်(၃၆၆)ဧကနှင့် မြစ်ရေဝင်ချိန်(မုယင်း)စိုက်ပျိုးမှုမှာ (၆၇၇)ဧကဖြစ်ပါသည်။ မြို့သာဆည်၊နတ်သားတောဆည်၊ ဖောင်းကတောဆည်စသည့် မြေသားတမံ အမျိုးအစားဆည်(၃)ဆည်ရှိပြီး အကျိုးပြုဧကမှာ(၄၂၀၇)ဧက၊ မြစ်ရေတင်စီမံကိန်းအနေဖြင့် ရွာသစ်၊ ကျောက်တလုံး၊ ငါန်းမြာစသည့် မြစ်ရေတင်စီမံကိန်း(၃)ခုမှ အကျိုးပြုဧက(၁၂၅၀၀)ဧကရှိပြီး ယာသီးနှံ များကိုသာစိုက်ပျိုးမှုများပါသည်။ ယခင်နှစ်မိုးစပါးကို(၅၄၂၃)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင်(၈၂) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မနောသုခစပါးကိုအများဆုံးစိုက်ပျိုးပြီး ဧရာပဒေသာ၊ဆင်းသုခစသည့်စပါး များကိုလည်း အနည်းငယ်စိုက်ပျိုးကြောင်းသိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့်(၂၈၀၀၀၀) ကျပ်ခန့်ရှိပြီးအကျိုးအမြတ်အနေဖြင့်(၁၉၀၀၀၀)ကျပ်ဝန်းကျင် ရရှိကြောင်း၊ ရိတ်သိမ်းမှုအနေဖြင့် နိုဝင်ဘာလမှစ၍ ရိတ်သိမ်းလျှက်ရှိရာ ယခုအချိန်တွင် မိုးစပါးအားလုံးရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်း (၈၅.၃၇) တင်းနှုန်းဖြင့်တင်းပေါင်း (၅၀၀၇၆၆)တင်းထွက်ရှိပါကြောင်း၊ ငါန်းဇွန်မြို့နယ်တွင် စပါးဈေးကွက်အနေဖြင့် ရောင်းချခြင်းမျိုးမရှိသော်လည်း စိုက်ပျိုးချိန်တွင် မျိုးအဖြစ် တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ဝန်းကျင်ဖြင့်ဝယ်ယူစိုက်ပျိုးကြပါသည်။ ထွက်ရှိသည့်စပါးများကို မြို့နယ် အတွင်းကြိတ်ခွဲသန့်စင်၍ (၁၀၈) ပေါင် မနောခုခတစ်အိတ်လျှင် (သစ်)၃၀၀၀၀ကျပ် ၊ (ဟောင်း) ၄၁၀၀၀ ကျပ် ဝန်းကျင်ဖြင့် မြို့နယ်တွင်းရောင်းချကြောင်းနှင့် ဆန်လိုအပ်သည့် မြို့နယ်ဖြစ်သည့်အတွက် ရွှေဘို ၊ မတ္တရာ ၊ မြစ်သား၊ ကျောက်ဆည် စသည့်ဒေသများမှ ထွက်ရှိသောဆန်များကို မန္တလေးမှတစ်ဆင့် တင်သွင်း ရောင်းချကြပြီး တံတားဦး၊ စစ်ကိုင်း၊ မြင်းခြံနယ်များမှလည်း ဝင်ရောက်မှုရှိကြောင်း၊ မြို့နယ်တွင်းဆန် ဈေးများ အနေဖြင့် ဧရာပဒေသာ တစ်အိတ်လျှင် ၄၉၀၀၀ကျပ်၊ မဂျမ်းတောတစ်အိတ်လျှင် ၅၇၀၀၀ကျပ် ၊ ပေါ်ဆန်း တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဝန်းကျင်များရှိကြောင်းနှင့် ဆန်တစ်အိတ်မြို့နယ်တွင်းသို့ သယ်ယူစရိတ် ကားခအနေဖြင့် ခရီးမိုင်အကွာဝေးအလိုက် (၈၀၀ ၊ ၁၀၀၀)ကျပ်ရှိကြောင်း လေ့လာသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)