“ပျော်ဘွယ်မြို့နယ် ကုလားပဲစိုက်တောင်သူများ၏ အကျိုးအမြတ်ရရှိနိုင်မှုအလားအလာ’’

Powered by Drupal

            ကုလားပဲကို မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များ၌ နှစ်စဉ်ဆောင်းသီးနှံအဖြစ် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် ရိတ် သိမ်းထွက်ရှိကြောင်း၊ စိုက်ပျိုးသော ကုလားပဲအမျိုးအစားများမှာ V2 ပဲအမျိုးအစားကို အများဆုံးစိုက်ပျိုးကြပြီး 929 (ခေါ်)ပဲအမျိုးအစားများကိုလည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ ယခင်နှစ်ပဲစိုက်ဧက (၁၃၇၀၀)ဧကရှိခဲ့ပြီး (၁)ဧကအထွက်နှုန်းမှာ (၈)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ကုလားပဲပေါ်စချိန်က တောင်သူ များရောင်းချရသည့် စျေးနှုန်းမှာ(၁)တင်းလျှင် (၂၁၀၀၀/၂၃၀၀၀)ကျပ်သာ ရှိခဲ့ရာမှနောက်ပိုင်းတွင် စျေးနှုန်း တစ်ဖြေးဖြေးတက်လာပြီး အမြင့်ဆုံးရောင်းချရသည့် စျေးနှုန်းမှာ (၃၃၀၀၀/၃၅၀၀၀)ကျပ် ရှိကြောင်း၊ယခင် နှစ် (၁)ဧကကုန်ကျစရိတ်မှာ (၂)သိန်းဝန်းကျင်ရှိပြီး ဝင်ငွေအနေဖြင့်လည်း (၁)ဧက(၂)သိန်းဝန်းကျင်သာပြန်လည် ရရှိသည့်အတွက် အကျိုးအမြတ်နည်းပါးကြောင်း သိရှိရပါသည်။ ယခင်နှစ်ကကုလားပဲစိုက်ပျိုးမှုမှာ အကျိုးအမြတ်နည်းသော်လည်း လက်ရှိကာလတွင် စျေးနှုန်းများပြန်လည် ကောင်းမွန်လာသည့်အတွက် စိုက်ဧကပိုများလာနိုင်ကြောင်း၊ ယခုနှစ်(၁)ဧက ပျှမ်းမျှကုန်ကျစရိတ် (၂၅၀၀၀၀)ကျပ်ခန့်ရှိသော်လည်း လက်ရှိစျေးနှုန်း V2 အမျိုးအစား(၁)တင်းလျှင် ၄၅၀၀၀ ကျပ်၊ 929 အမျိုးအစား (၁)တင်းလျှင် ၄၂၀၀၀ ကျပ် စျေးနှုန်းရှိသဖြင့် တောင်သူတွေအကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ထွက်ရှိလာသောပဲများကို မြို့ပေါ်ရှိ သီးနှံပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။

        ယခုစိုက်ပျိုးပြီးသော ကုလားပဲများမထွက်ရှိသေးသော်လည်း အပင်ပေါက်များမှာ ကောင်းမွန်လျက်ရှိ ပြီး အထွက်နှုန်းမှာ ကောင်းမွန်နိုင်ကြောင်း၊ ယခင်နှစ် ကာလတူစိုက်ပျိုးချိန်စျေးနှုန်းမှာ ၄၀၀၀၀ ကျပ် ‌အောက်ရှိခဲ့ပြီး ယခု လက်ရှိစိုက်ပျိုးချိန်စျေးနှုန်းမှာ ၄၅၀၀၀ ကျပ် ရှိသဖြင့် ကာလနှစ်ခု နှိုင်းယှဉ်ချက် အခြေအနေများအရ ကုလားပဲများ ထွက်ရှိချိန်တွင် တောင်သူအကျိုးအမြတ်များ ရရှိနိုင်ကြောင်းလေ့လာ သုံးသပ်မှုအားဖော်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး