ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရိုင်ရုံး ဝန်ထမ်းများသည် ဒေသတွင်း တစ်ပိုင်တနိုင် စိုက်ပျိုးဖြစ်ထွန်းသော ပန်းစိုက်ပျိုးတောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ ပန်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြပါသည်။ မအူပင်ခရိုင်နှင့် ၄မိုင်အကွာတွင်ရှိသော အောင်ဟိတ်ကျေးရွာရှိ ခြံစိုက်တောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ ၁ဧက ၁၀လန် ၁၂ကွက် ပန်းစိုက်ခင်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြသည်။ အောင်ဟိတ်ကျေးရွာတွင် အိမ်ခြေ(၁၀၀) ကျော်ရှိပြီး၊ လယ်စိုက်ခြင်း၊ ပန်းစိုက်ပျိုးခြင်းများ လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း လေ့လာတွေ့ရှိရသည်။
ပန်းခြံစိုက်ပျိုးသူ ဦးကျော်ဆန်းနှင့် တွေ့ဆုံ၍ ပန်းစတင်စိုက်ပျိုးမှု ပန်းစိုက်ခြံကုန်ကျစရိတ်၊ မျိုး၊ လုပ်သားခနှင့် အခြားကုန်ကျစရိတ်အခြေအနေများကို မေးမြန်းခဲ့ရာ ပန်းစိုက်ပျိုးသူ ခြံပိုင်ရှင် ဦးကျော်ဆန်းက ပန်းစိုက်ပျိုးခြင်းကို မျိုးဖိုး၊လုပ်သားခ၊ ဆေးဖိုး၊ မြေပြုပြင်ခ၊ ပေါင်ဆွဲခ၊ အခြားကုန်ကျ စရိတ်အပါအဝင် (၄) သိန်းကျပ် ကုန်ကျစရိတ်ရှိကြောင်း ရာသီအလိုက် ပန်းစိုက်ပျိုးခြင်း အကျိုးအမြတ်ဖြစ်ထွန်းသော စိုက်ခင်းများကို ပြသ၍ လက်ရှိ ဂန္မာပန်း(ဆန်းမားဝါ) ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အကျိုးအမြတ်ရရှိနေကြောင်း သိရသည်။
ဂန္မာပန်း(ဆန်းမားဝါ) စိုက်ပျိုးခြင်းလုပ်ငန်းသည် စနစ်တကျစိုက်ပျိုးရသော လုပ်ငန်းဖြစ်ပြီး၊ ဂန္မာပန်း(ဆန်းမားဝါ)စိုက်ပျိုးရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းလုပ်ငန်းကို စနစ်တကျပြုလုပ်ရကြောင်း၊ ပန်းစိုက်ပျိုးနိုင်ရန်အတွက် ထယ်ရေးပြင်ပြီး ပေါင်(၁၀)ပေါင်စီကို စနစ်တကျဖော်ခြင်းပြုလုပ်ရကြောင်း၊ ပေါင်တပေါင်လျှင် အနည်းဆုံး တစ်တောင်ကျော်ပြုလုပ်ရပြီး အတိုင်းအတာအားဖြင့် တစ်တောင်နှင့် လက်ငါးလုံးတိုင်းတာ စိုက်ပျိုးကြကြောင်း၊ ပေါင်တစ်ပေါင်နှင့် တစ်ပေါင်အကြား တစ်တောင်ခန့်ခြားထားကာ ရေပိုက်လမ်းထားရှိပြီး ရေဖြန်းခြင်း လုပ်ငန်းကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေဖြန်းပေးရကြောင်း၊ ဂန္ဓမာပန်းပျိုးပင်များကို တောင်ကြီးဘက်မှ မှာယူဝယ်ယူရပြီး၊ ပန်းပျိုးပင် တစ်ပင်လျှင် ငါးကျပ်ဈေးပေး ဝယ်ရကြောင်း၊ လက်ရှိကာလ ပန်းတစ်ပေါင်လျှင် အပင်အရေအတွက် (၈၀၀)ဝင်ဆန့်ပြီး ခြံမြေအနေအထားအလိုက် အတိုအရှည်ပြုလုပ်ကြပြီး ပမာဏအတိုင်းအတာဖြင့် စိုက်ပျိုးထားကြောင်း၊ မြေဆယ်လန်တစ်ကွက်တွင် ပန်းပင်ပေါင်း (၁၀၀၀၀)အထိ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ပန်းပျိုးပင် စတင်မစိုက်ပျိုးမီ မြေကို ပြာနှင့်နောက်ချေးများဖြင့် မြေဆီခံထားရပြီး စတင်စိုက်ပျိုးသည့်ကာလ စက်တင်ဘာလတွင် စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှ ပန်းပေါင်ရေစိုနေသည်အထိ ရေလောင်းကာ နောက်မှ မြေတွင်ထိုးကာ စိုက်ကြသည်။ ပန်းစတင်စိုက်ပျိုးသည့်အချိန်မှ စတင်ကာရေလောင်းကြရသည်။ ရေလောင်းမှုတွင် ရာသီဥတုအပူချိန်ပေါ်မူတည်၍ ကြည့်ရှုရေလောင်းပြီး ပန်းပင်ဖြစ်ထွန်းမှု အောင်မြင်ရန်အတွက် ရက်ပေါင်း(၂၅) ရက်အကြာတွင် မြေဩဇာကျွေးပြီး၊ နောက်ပိုင်းတွင် (၁၀)ခြားအကြာ မြေဩဇာကျွေးရသည်။ ပန်းပင်အတွက်ရွက်ဖြန်းမြေဩဇာအနေဖြင့် (၅)ရက်တစ်ပတ် ခြားကာ ရွက်ဖြန်းဆေး ပတ်ဖြန်းပေးရပါသည်။ စိုက်ပြီး နှစ်လခွဲအကြာတွင် ပန်းများ ဈေးကွက်အတွင်း ရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိသည်။ လက်ရှိကာလတွင် ဂန္မာပန်း(ဆန်းမားဝါ) ပန်းဈေးကွက်မှာ တစ်ပင်လျှင် (၁၀၀)ကျပ် ဈေးပေါက်ပြီး ပန်းစည်းအထုံးကြီး တစ်ထုံးလျှင် နှစ်ဆယ် ငါးပင်စုစီးပြီး ပန်းထုံးကြီး တစ်ထုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချရသည်။ ပန်းဈေးကွက်ကောင်းမွန်ပါက တစ်ဧကလျှင် ငွေကျပ် ဆယ်သိန်းထိ ရရှိပြီး အရင်း(၄)သိန်းရှိကာ အကျိုးအမြတ်အနေဖြင့် (၆)သိန်းမြတ်ကြောင်း၊ ဈေးကွက်ကောင်းခြင်း၊ မကောင်းခြင်းပေါ် မူတည်ကာ အကျိုး၊အမြတ် အနည်းအများ ကွာခြားကြောင်း၊ ဂန္မာပန်း(ဆန်းမားဝါ) ဈေးကွက်ကောင်းမွန်ပြီး တစ်ပင်လျှင် အပွင့် ကိုးပွင့်မှ ဆယ်ပွင့်အထိ ပွင့်သည် အပင်သုံးပင်စည်းကာ တစ်စီးလျှင် ငွေကျပ် ၁၀၀၀ ကျပ်အထိ အရည်အသွေးအလိုက် ရောင်းချလျက်ရှိပြီး ပန်းပေါခြင်း၊ ရှားခြင်းပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်းနှင့် အချို့ အောင်ဟိတ်ကျေးရွာရှိ လယ်မြေပေါ်တွင် စိုက်သော ပန်းစိုက်သူများသည် တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပြီး ခြံမြေပေါ်တွင် ပန်းစိုက်သူများအချို့မှ နှစ်ပြန်စိုက်ပျိုးခြင်းများရှိသည့်အတွက် အကျိုးအမြတ် ပိုမိုရရှိကြောင်း၊ ယခုအချိန်မှာ ပန်းစိုက်ပျိုးဆဲကာလဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး ပန်းစိုက်ပျိုးထားရှိမှု အခြေအနေများကို လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)