ထိုင်းနိုင်ငံ၌ ဆန်စပါး အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ထပ်ဆောင်း ပံ့ပိုးမှု ရန်ပုံငွေအဖြစ် ဘတ်ငွေ ၅၆ ဘီလီယံ သုံးစွဲခွင့်အား အစိုးရအဖွဲ့က အတည်ပြုခဲ့ရာ ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီကာလအတွင်း ဆန်စပါးကဏ္ဍအတွက် အထောက်အပံ့ပေးမည့် ရန်ပုံငွေ စုစုပေါင်း မှာ ဘတ်ငွေ ၁၁၁ ဘီလီယံသို့ တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
ယခုနောက်ဆုံးချမှတ်ခဲ့သည့် ရန်ပုံငွေ အစီအစဉ်အရ တောင်သူလယ်သမားများသို့ စပါး စိုက်ဧရိယာ ၁ ရိုင် (၀.၃၉၅၄ ဧက) လျှင် ဘတ်ငွေ ၁၀၀၀ နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် စိုက်ပျိုး ဧရိယာ ၂၀ ရိုင်ထက် မပိုပဲ သို့မဟုတ် စုစုပေါင်း ဘတ်ငွေ ၂၀၀၀၀ အထိ ထောက်ပံ့မည်ဖြစ်ပြီး အိမ်ထောင်စု ၄.၆၈ သန်းခန့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။
ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Phumtham Wechayachai က အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရရှိပြီးနောက် အဆိုပါ ထောက်ပံ့မှုအစီအစဉ်သည် ချက်ချင်းလက်ငင်း အကျိုး သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးပေးအပ်မှု လုပ်ထုံးလုပ်နည်းများနှင့် အသေးစိတ် လုပ်ငန်းစဉ်များကို အချိန်ကာလ အများဆုံး ၁ လအတွင်း ရှင်းလင်းချမှတ်ပြီးနောက် လယ်ယာ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများဘဏ်သည် အကျုံးဝင်သည့် လယ်သမားများ ထံသို့ ထောက်ပံ့ငွေများပေးအပ်မှုကို စတင်လုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းရကြောင်း၊ အစောဆုံး ကာလမှာ နိုဝင်ဘာလ ၁၇ ရက်မှ ၂၀ ရက်နေ့အတွင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းအစိုးရသည် ၂၀၂၃-၂၄ ခုနှစ် သီးနှံရိတ်သိမ်းရာသီတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေး အတွက် ဘတ်ငွေ ၅၅ ဘီလီယံ ကျခံသုံးစွဲဆောင်ရွက်မည့် အစီအမံများကိုလည်း ၇-၁၁-၂၀၂၃ နေ့၌ အတည်ပြုခဲ့ပြီးဖြစ်သည်။ ၎င်းအစီအမံများတွင် အစိုဓာတ် ၂၅% အထိ ပါဝင်သော စပါးများအား ဈေးကွက်တင်ရောင်းချမှုကို ၅ လကြာအထိ ဆိုင်းငံ့ထားနိုင်ရန်အတွက် လယ်သမားများထံသို့ ချေးငွေထုတ်ပေးခြင်းနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများအနေဖြင့် ဈေးကွက်အတွင်းသို့ ဝင် ရောက်၍ စပါးများကို ဝယ်ယူသိုလှောင်ထားခြင်းဖြင့် လိုလားဖွယ်ရှိသော စပါးဈေးနှုန်းတစ်ရပ်သို့ ရောက်ရှိချိန်တိုင်အောင် ထိန်းသိမ်းနိုင်ရေးအတွက် ၎င်းတို့ထံ ချေးငွေထုတ်ပေးခြင်းတို့ ပါဝင်သည်။
လယ်သမားများ၏ စပါးရောင်းချမှုကို ၅ လကြာ ဆိုင်းငံ့ထားနိုင်ရေး ဆောင်ရွက်ရာတွင် အစီအစဉ်၌ ပါဝင်သည့် တောင်သူများသို့ စပါး ၁ တန်လျှင် ဘတ်ငွေ ၁၂၀၀၀ နှုန်းနှင့် စပါး ၁ တန် သိုလှောင်မှုအတွက် ကုန်ကျစရိတ် ဘတ် ၁၅၀၀ နှုန်းဖြင့် အစိုးရက ချေးငွေထုတ်ပေးမည်ဖြစ်ပြီး စပါးတန်ချိန် ၃ သန်းခန့်ကို ထိန်းသိမ်းထားနိုင်မည်ဟု ဆန်စပါးကော်မတီက ပြောဆိုကြောင်း၊ ၎င်း အစီအမံအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီ အတွင်း စပါးတန်ချိန် ၃၂ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားရာ ပင်မမိုးသီးနှံရာသီမှ ထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှုအောက် ၆% ကျဆင်းလျက် တန်ချိန် ၂၅.၆ သန်းရှိပြီး ပင်မသီးနှံရာသီ ချိန်ပြင်ပ စိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်နှစ်ထွက်ရှိမှုအောက် ၁၂% လျော့ကျလျက် စပါးတန်ချိန် ၆.၇၈ သန်း ခန့်ရှိမည်ဖြစ်သည်။
အစိုးရသည် လာမည့် သီးနှံရိတ်သိမ်းရာသီ ကာလအတွင်း စပါးဈေးနှုန်းများနှင့် စပ်လျဉ်း၍ ဝင်ရောက်ထိန်းကျောင်းသည့် မူဝါဒကို ပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ ထိုသို့ ပြင်ဆင်မှုများသည် စိုက်ပျိုးထုတ်လုပ်မှု စရိတ်စကများအား လျှော့ချရန်နှင့် တီထွင်ဆန်းသစ်မှု များမှတစ်ဆင့် ကုန်ထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဓိက ပန်းတိုင်သည် အရည်အသွေးမြင့်မားသည့် ဆန်စပါးများ ထုတ်လုပ်ခြင်းဖြင့် လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ပြီး တစ်ပြိုင်တည်းမှာပင် အစိုးရ၏ အသုံးစရိတ်ကို လျှော့ချနိုင်ရန်ဖြစ်ကြောင်း ဝန်ကြီး Mr Phumtham က ပြောကြားခဲ့သည်။
Source: Bangkok Post, 15 Nov 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ပုံငွေသုံးစွဲမည့် အစီအမံများအား ထိုင်းအစိုးရက အတည်ပြု
Powered by Drupal