တရုတ်နိုင်ငံတွင် ယခုနှစ် ကောက်ပဲသီးနှံထုတ်လုပ်မှု တိုးတက်ဖွယ်ရှိ

Powered by Drupal

တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးတို့ အတွက် ကြိုးပမ်းမှုများနှင့်အတူ ၂ဝ၂၃ ခုနှစ်တွင် ကောက်ပဲသီးနှံထွက်ရှိမှုမှာ စံချိန်တင်မြင့်တက် မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက အစီရင်ခံစာ၌ ဖော်ပြခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ပထမရက်သတ္တပတ်၌ တရုတ်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စစ်တမ်းများအရ ဆောင်းဦးရာသီကာလတွင် ကောက်ပဲသီးနှံ ရိတ် သိမ်းပြီးစီးမှုမှာ ၉၆.၂% ခန့်ရှိကြောင်း သိရှိရပါသည်။
အဓိက ဂျုံစိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်သည့် Henan ပြည်နယ်တွင် စံချိန်တင် မိုးများစွာ ရွာသွန်းခြင်း၊ အနောက်မြောက်ပိုင်း၌ဖြစ်ပေါ်နေသည့် မိုးခေါင်ရေရှားမှုနှင့်အတူ မြောက်ပိုင်းဒေသ တွင် ဖြစ်ပေါ်သည့် ရေကြီးမှုတို့ကြောင့် တရုတ်နိုင်ငံ၏ နွေရာသီကောက်ပဲသီးနှံ အထွက်ပမာဏ သည် မက်ထရစ်တန် ၁.၂၇၅ သန်းခန့် လျော့နည်းမှု ဖြစ်ပေါ်ခဲ့သည်။
ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုများနှင့် မကြာခဏ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများ ဖြစ် ပေါ်လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကွင်းဆက်တွင် ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများမှ ကာကွယ်ရန်အတွက် တရုတ်အစိုးရသည် ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်တင်ခဲ့ပါသည်။ ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ နှစ်အလိုက် ဝ.၅ % တိုးတက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၆၈၆.၅ သန်းအထိရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန၏ ထုတ်ပြန် ချက်အရ သိရှိရပါသည်။
တရုတ်နိုင်ငံတွင် ယခုနှစ် ဆောင်းဦး‌ရာသီ ကောက်ပဲသီးနှံစိုက်ဧရိယာမှာ ဟက်တာပေါင်း ၈၇.၃၃ သန်း (ဧက ၂၁၅.၇ သန်း) ခန့်ရှိပြီး ယခင်နှစ်ထက် ဟက်တာ ဝ.၄၇ သန်း တိုးတက်လာ ကြောင်း သိရှိရပါသည်။ အစိုးရသည် ၂ဝ၂၃ ခုနှစ်တွင် ကောက်ပဲသီးနှံ စိုက်ဧကတိုးမြှင့်စိုက်ပျိုးခဲ့ပြီး နည်းပညာကို အသုံးပြု၍ တစ်ယူနစ်ထုတ်လုပ်မှုနှုန်းကိုလည်း တိုးတက်စေခဲ့သဖြင့် အထွက် ပမာဏ တိုးတက်ခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြောင်းနှင့် ပဲပုပ်ကို စိုက်ပျိုးဧကများပြားစွာ စိုက်ပျိုးထားသည့်အတွက် ယခုနှစ် ဆောင်းဦးရိတ်သိမ်းချိန်တွင် အထွက် များပြားလာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပဲပုပ်စိုက်ပျိုးမှုသည် ၂ နှစ်ဆက်တိုက် ဟက်တာ ၁ဝ သန်း (ဧက ၂၇.၄၁ သန်း) အထက်တွင်ရှိပြီး အမေရိကန်နိုင်ငံ၌ နှစ်စဉ်စိုက်ပျိုးမှု၏ သုံးပုံ တစ်ပုံခန့် ရှိကြောင်း သိရှိရပါသည်။
၂ဝ၂၁ ခုနှစ်အတွင်း တရုတ်အစိုးရသည် ၆ နှစ်ဆက်တိုက် စိုက်ဧကလျော့နည်းကျဆင်း နေမှုကို အဆုံးသတ်နိုင်ရေးအတွက် ထောက်ပံ့မှုများနှင့် စီမံဆောင်ရွက်မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ် နွေဦးကာလ သီးနှံစိုက်ပျိုးမှုမစတင်မီ စိုက်ပျိုးရေးလုပ်ငန်းများသို့ အစိုးရ၏ အထောက်အပံ့များကို အမြောက်အမြားပေးအပ်ခဲ့ခြင်းက ထုတ်လုပ်မှုတိုးတက်စေခဲ့ကြောင်း၊ ပြောင်း စိုက်ဧကသည် ဟက်တာ ၈၆ဝဝဝဝ (ဧက ၂၁၂ သန်း) ခန့်အထိ တိုးတက်ခဲ့ကြောင်း၊ ရေကြီးမှု၊ မိုးခေါင်မှုနှင့် တင်သွင်းမှုမရေမရာဖြစ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ကောက်ပဲသီးနှံများ အထွက်များပြားမှုကြောင့် တရုတ်နိုင်ငံ၌ စားနပ်ရိက္ခာပြတ်လပ်မှု မရှိနိုင်ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြပါသည်။
Source: South China Morning Post, 13 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)