ကြံဈေးနှုန်းများကို မြှင့်တင်ရန် ထိုင်းကြံစိုက်တောင်သူများ တောင်းဆို

Powered by Drupal

    ထိုင်းနိုင်ငံတွင် ကြံစိုက်ပျိုးသော တောင်သူများအနေဖြင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီအတွက် ကြံနှင့်သကြားဘုတ်အဖွဲ့ရုံး (Office of the Cane and Sugar Board - OCSB) က တွက်ချက် တင်ပြထားသည့် ခန့်မှန်းသကြားဈေးနှုန်းများထက် ပိုမိုလျက် ကြံတစ်တန်လျှင် ၁၄၀၀ ဘတ်နှုန်း သတ်မှတ်ပေးရေး အာဏာပိုင်များသို့ တောင်းဆိုရန် စီစဉ်လျက်ရှိကြောင်း Bangkok Post သတင်း ဌာနက ဖော်ပြပါသည်။

     ကနဦးတွက်ချက်မှုအရ OCSB မှ အဆိုပြုသော ကြံတစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁၃၇၀ ဘတ်နှုန်း ဖြစ်ကြောင်း၊  အဆိုပါ ဈေးနှုန်းတွက်ချက်မှုတွင် ထုတ်လုပ်မှုကုန်စရိတ် မြင့်မားမှုကို ချိန်ညှိနိုင်အောင် စက်ရုံထုတ်သကြား ဈေးနှုန်းအပေါ် တစ်ကီလိုဂရမ်လျှင် ၂ ဘတ်နှုန်း တိုးမြှင့်ခဲ့ သည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကဲ့သို့သော အကြောင်းအရင်းများကို အခြေခံထားကြောင်းဖြင့် OCSB အဖွဲ့တွင် ပါဝင်သော တောင်သူများ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Verasak Kwanmuang က ပြောကြားခဲ့ပါသည်။

   OCSB အဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့၌ ပြုလုပ်မည့် အများပြည်သူထံ ရှင်းလင်းဆွေးနွေးပွဲ မတိုင်မီ ကြံဈေးနှုန်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန်စီစဉ်ထားကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် သီးနှံရာသီအသစ်အတွက် ကြံဈေးနှုန်းသတ်မှတ်ခြင်းကို အပြီးသတ် အတည်ပြု ဆွေးနွေးမည်ဖြစ်ကြောင်းဖြင့် သိရပါသည်။

    ထိုင်းကြံစိုက်ပျိုးသူများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ Narathip Anantasuk က ၎င်းတို့အနေဖြင့် ကြံဈေးနှုန်းအား တစ်တန်လျှင် ၁၃၇၀ ဘတ်မှ တောင်သူအများစုအတွက် သင့်လျော်မှုရှိမည့် ဘတ် ၁၄၀၀ နှုန်းသို့ တိုးမြှင့်ပေးရန် ဘုတ်အဖွဲ့ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ကြံ စိုက်ပျိုးဇုန် ၉ ခု ရှိသည့်အနက် ဇုန် ၂ ခုသည်သာ အဆိုပြု ဘတ်ငွေ ၁၃၇၀ နှုန်း သတ်မှတ်ချက်နှင့် ဆီလျော်မှုရှိကြောင်း ပြောဆိုပါသည်။

    တောင်သူကိုယ်စားလှယ် Mr Verasak ၏ ပြောကြားချက်အရ ကြံတစ်တန်လျှင် ဘတ်ငွေ ၁၃၇၀ နှုန်းသည် အချိုဓာတ်အဆင့် ၁၀ ရှိသည့် စီးပွားဖြစ် သကြားကုန်ချော (Commercial Cane Sugar – CSS) ထုတ်လုပ်သော ကြံများအတွက်သာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။

     ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ကြံတစ်တန်လျှင် သကြား ၁၁၃.၂၅ ကီလိုဂရမ် အထွက်နှုန်း တွက်ချက်မှုနှင့်အတူ ကြံတန်ချိန် ၈၂.၄ သန်း ထွက်ရှိရန်ခန့်မှန်းထားကြောင်း၊ ပြည်တွင်း သကြား စားသုံးမှုမှာ အိတ်ပေါင်း ၂၅.၇ သန်းဖြင့် တန်ချိန် ၂.၅၇ သန်းရှိမည်ဟု ခန့်မှန်းရကြောင်း၊ နိုင်ငံခြား ငွေလဲနှုန်း ၁ အမေရိကန်ဒေါ်လာလျှင် ၃၅.၅၁ ဘတ်နှုန်း ထားရှိတွက်ချက်ပါက ပြည်ပသို့ တင်ပို့ရာ တွင် သကြား တစ်ပေါင်လျှင် ၂၆.၄၇ ဆင့် ဈေးရရှိနိုင်ကြောင်းဖြင့် သိရပါသည်။

     စက်ရုံမှ မူလထုတ်ဈေးအပေါ် ၂ ဘတ်နှုန်း တိုးမြှင့်လိုက်ခြင်းဖြင့် သန့်စင်ပြီးသကြား၏ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၂၁.၂၂ ဘတ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါ ဈေးနှုန်းဖြင့် တွက်ချက်မှု များအရ ကြံတစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ၁၅၀၅.၂၅ ဘတ်ရှိမည်ဖြစ်သည်။ သို့သော် ဥပဒေအရ တရားဝင်ကြံဈေးနှုန်းမှာ တွက်ချက်ထားသည့်ဈေးနှုန်း၏ ၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဈေးနှုန်းမှာ တစ်တန်လျှင် ၁၃၇၀ ဘတ်ဖြစ်ကြောင်းဖြင့် Mr Verasak က ပြောကြားခဲ့ပါသည်။

     ကြံနှင့် သကြားဘုတ်အဖွဲ့၏ နောက်ဆုံးအကြိမ် အစည်းအဝေး ကျင်းပပြီး နောက်တစ်ရက်ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြံကြိတ်ခွဲမှု ရာသီကာလကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: Bangkok Post, 23 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)