၂၀၂၃ ခုနှစ်၏ ကျန်ရှိသောလများတွင် သကြားဈေးနှုန်းများမှာ ပိုမိုကြီးမြင့်နိုင်ကြောင်းဖြင့် ဗီယက်နမ်ကြံနှင့် သကြားအသင်း (Vietnam Sugarcane and Sugar Association -VSSA) က ပြောကြားပါသည်။
ဗီယက်နမ် ကုန်စည်ဒိုင် (Vietnam Commodity Exchange – MXV) တွင် ဖော်ပြထားသော အချက်အလက်များအရ ကမ္ဘာ့သကြားဈေးနှုန်းများသည် နိုဝင်ဘာလအစောပိုင်းတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၁ နှုန်းအထိ ရောက်ရှိခဲ့ရာ ၂၀၂၃ ခုနှစ် အစပိုင်းနှင့်နှိုင်းယှဉ်ပါက လွန်ခဲ့သော ၁၂ နှစ်အတွင်း၌ အမြင့်မားဆုံးဈေးနှုန်းအဖြစ် ၁၅၀% အထိ မြင့်တက်ခဲ့ကြောင်းဖြင့် သိရပါသည်။
ကမ္ဘာ့အကြီးဆုံး သကြားထုတ်လုပ်သည့် နိုင်ငံများဖြစ်ကြသည့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ထုတ်လုပ်မှုလျော့နည်းပြီး ရောင်းလိုအား ကျဆင်းခဲ့ခြင်းက မကြာသေးမီအချိန်အတွင်း ဈေးနှုန်းမြင့်တက်လာခဲ့မှု၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြပါသည်။
ဗီယက်နမ်နိုင်ငံ၌ ဈေးကွက်ဝေစု၏ ၄၆% ကို ရယူထားသော သကြားအဓိကထုတ်လုပ်သူ Thành Thành Công-Biên Hòa JSC ကုမ္ပဏီ၏ ၂၀၂၃ ခုနှစ်၊ ပထမ ၉ လအတွင်း ဝင်ငွေမှာ ဗီယက်နမ်ဒေါင် ၅.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၅.၈ သန်း) ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀% တိုးတက်ခဲ့ကြောင်း၊ အလားတူ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက Lam Sơn Sugar သကြားလုပ်ငန်းသည် ၅၅% တိုးတက်လျက် ယခုနှစ်၌ ဝင်ငွေ ဗီယက်နမ်ဒေါင် ၄၇၁ ဘီလီယံ၊ Sơn La Sugar ကုမ္ပဏီသည် ၂၆% တိုးတက်ပြီး ဝင်ငွေ ဗီယက်နမ်ဒေါင် ၄၃၁ ဘီလီယံ၊ Quảng Ngãi Sugar ကုမ္ပဏီသည် ၂၃% တိုးတက်လျက် ဝင်ငွေ ဗီယက်နမ်ဒေါင် ၇.၇၄ ထရီလီယံ အသီးသီး ရရှိခဲ့ကြကြောင်းဖြင့် Vietnam News သတင်းအေဂျင်စီက ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ၌ နှစ်သစ်ကူးပွဲတော်မတိုင်မီ မြင်တွေ့ရလေ့ရှိသော ဝယ်လိုအားမြင့်တက်မှု ဖြစ်ပေါ်ခြင်းကြောင့် သကြားဈေးနှုန်းများသည် ၂၀၂၃ ခုနှစ် မကုန်ဆုံးမီ လက်ကျန်လများအတွင်း၌ မြင့်တက်ဖွယ်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်၌ လက်ကျန် လျော့နည်းလာခြင်းက ရောင်းလိုအားအပိုင်းတွင် ခက်ခဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ဗီယက်နမ်သကြားလုပ်ငန်းများအနေဖြင့် ပြည်ပမှ တင်သွင်းမှုများအပေါ် အမှီအခိုနည်းစေရန်နှင့် ပြည်တွင်း၌ ကြံစိုက်ပျိုးထုတ်လုပ်မှု ခိုင်မာအားကောင်းလာစေရန်အတွက် အမြင့်ဈေးနှုန်းများဖြစ်ပေါ်နေချိန်တွင် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရှိရပါသည်။
Source: Vietnam News, 22 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)