အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် ဒေသများတွင် အနောက်တောင်မုတ်သုံရာသီ ကာလအတွင်း မိုးရွာသွန်းမှုလျော့ကျလျက် ရာသီဥတုပုံသဏ္ဌာန် မမှန်ခြင်းကြောင့် စိုက်ပျိုးထုတ် လုပ်မှုအပေါ် ထိခိုက်မှုဖြစ်ပေါ်ခြင်းက ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ကာလ၌ ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို နှစ်ဆကျော် မြင့်တက်စေခဲ့ကြောင်း သိရှိရသည်။
အစိုးရ၏စာရင်းများအရ (၂၀၂၃-၂၄) ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပဲမျိုးစုံတင်သွင်းမှုသည် တန်ချိန် ၁၄၈၅၅၅၇တန်ရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့မှု ၆၉၈၁၅၄တန်အပေါ် ၁၁၂.၇၈% မြင့်တက်ခဲ့ကြောင်း၊ တန်ဖိုးအရနှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ် ပထမ ၆လ၌ ဒေါ်လာ၁၂၆၅သန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ၅၉၅သန်းဖြစ်ရာ ၁၁၂.၆၀%မြင့်တက်လာကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးအားဖြင့် ယခင်ဘဏ္ဍာနှစ်၌ ၄၆၉၅ကုဋေရှိခဲ့ပြီး ယခုနှစ်တွင် ရူပီး၁၀၄၄၀ကုဋေဖြစ်ရာ ပဲမျိုးစုံတင်သွင်းမှုမှာ ပြည်တွင်းသုံးငွေကြေးအရမူ ၁၂၂.၃၆%အထိမြင့်မားလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ပဲနီလေး၊ ပဲစင်းငုံနှင့် မတ်ပဲတို့ကို ပိုမိုဝယ်ယူတင်သွင်းခဲ့ကြောင်း၊ လက်ရှိဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ပဲနီလေးတင်သွင်းမှုသည် တန်ချိန်၈.၀၂သိန်းရှိရာ ယခင်နှစ်ကာလတူတင်သွင်းမှု တန်ချိန်၂.၈၁သိန်းအပေါ် ၁၈၄%တိုးမြင့် လာခဲ့ကြောင်းဖြင့် Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံသည် ယခင် (၂၀၂၂-၂၃) ဘဏ္ဍာနှစ်၌ ပဲနီလေးတန်ချိန်၈.၅၈သိန်းကို ပြည်ပမှဝယ်ယူတင်သွင်းခဲ့သည်။ မကြာသေးမီကာလ၌ အမေရိကန်နိုင်ငံထံမှတင်သွင်းသော ပဲနီလေးများ အပေါ် တန်ပြန်အကောက်ခွန်ချမှတ်ထားမှုကို အိန္ဒိယအစိုးရက ပယ်ဖျက်ပေးမှုနှင့်အတူ ပြည်တွင်းဝယ်လိုအားမြင့်မားနေမှုအရ ယခုဘဏ္ဍာနှစ်အတွင်း ပဲနီလေးတင်သွင်းမှုမှာ တန်ချိန် ၁သန်းကျော်လွန်ဖွယ်ရှိသည်။ အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံဖြစ်သောပဲနီလေးစိုက်ပျိုးမှုမှာ ယခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့အထိ ဟက်တာ ၁၂.၇၄သိန်းစိုက်ပျိုးပြီးစီးဖြစ်ရာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်မှုထက် ဟက်တာ ၀.၇၁သိန်းပိုမိုလျက်ရှိသည်။ သို့ရာတွင် ကုလားပဲစိုက်ပျိုးမှုမှာ နောက်ကျလျက်ရှိရာ ဆောင်းသီးနှံရာသီပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူစိုက်ပျိုးနိုင်မှုအောက် လျော့နည်းနေဆဲဖြစ်သည်။
ယခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း အိန္ဒိယ၏ပဲစင်းငုံတင်သွင်းမှုသည် တန်ချိန် ၂.၇၄သိန်းရှိပြီး ယခင်နှစ်ကာလတူ တင်သွင်းမှုတန်ချိန်၁.၅၆သိန်းအပေါ် ၇၅%မြင့်တက်ခဲ့ကြောင်း၊ မတ်ပဲတင်သွင်းမှုသည်လည်း ယခင်နှစ် ပထမနှစ်ဝက်၌ တန်ချိန်၁.၇၂သိန်းရှိရာမှ ယခုနှစ်တွင် ၃၉%ပိုမိုလျက် တန်ချိန်၂.၄၀သိန်းတင်သွင်းခဲ့ကြောင်းသိရှိရသည်။ ယခုနှစ် ပဲစင်းငုံတင်သွင်းမှု မှာ ပိုမိုများပြားဖွယ်ရှိသော်လည်း အရှေ့အာဖရိကနှင့်ကုန်သွယ်ရာတွင် အထူးသဖြင့် မိုဇမ်ဘစ်မှ သင်္ဘောတင်ပို့မှုမှာ နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ကုန်သွယ်ရေးအရင်းအမြစ်များက ပြောဆိုလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သော (၂၀၂၂-၂၃) ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံစုစုပေါင်းတန်ချိန် ၂၅.၂၉သိန်းတင်သွင်းခဲ့သည့်အနက် ပဲစင်းငုံတန်ချိန် ၈.၉၄သိန်းနှင့် မတ်ပဲ ၅.၂၄ သိန်းပါဝင်ကြောင်းသိရှိရသည်။
အိန္ဒိယနိုင်ငံရှိ ပဲမျိုးစုံရောင်းဝယ်ရေး ကုမ္ပဏီဖြစ်သော Igrain India မှ လုပ်ငန်းရှင် Rahul Chauhan က အိန္ဒိယ၏ပဲမျိုးစုံတင်သွင်းမှုမှာ ကောင်းမွန်သည့်အခြေအနေရှိကြောင်း၊ လာမည့် ဇန်နဝါရီလကုန်ပိုင်း၌ ပဲစင်းငုံနှင့် မတ်ပဲအသစ်များထွက်ပေါ်လျက် ဈေးကွက်ဝင်ရောက်မည်ဖြစ်သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်သွင်းမှုမှာ ယခင်နှစ်ပမာဏကို ကျော်လွန်ဖွယ်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ပဲမျိုးစုံအဓိကတင်သွင်းရာ မြန်မာနိုင်ငံ၌ ယခုနှစ်တွင် မတ်ပဲတန်ချိန် ၆.၅သိန်းခန့်နှင့် ပဲစင်းငုံတန်ချိန် ၃.၅သိန်းခန့် အသီးသီးထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်းဖြင့် ပြောကြားခဲ့သည်။
Source: The Hindu Business Line, 29 Nov 2023