ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်နေသောကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ

ကောက်ပဲသီးနှံစိုက်ပျိုးထွက်ရှိမှုဆက်လက်မြင့်မား

          တရုတ်နိုင်ငံ၏ ပြည်တွင်းကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှုသည် တည်ငြိမ်စွာဖြင့် ဆက်လက် တိုးတက်လျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုပမာဏမှာ ကီလိုဂရမ် (၆၈၅)ဘီလီယံအထိရရှိခဲ့သဖြင့် (၇)နှစ်ဆက်တိုက် ကီလိုဂရမ်(၆၅၀)ဘီလီယံကျော် ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း၌ နိုင်ငံ၏အနောက်မြောက်ပိုင်းဒေသများတွင်  အချိန်အခါ အလိုက်ခြောက်သွေ့ခြင်း၊ ဟဲနန်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းစသည့် ရာသီဥတုဒဏ် ဆိုးဝါးစွာရင်ဆိုင်ခဲ့ရသော်လည်း ကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှုများ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကောက်ပဲသီးနှံစိုက်ပျိုးဧရိယာအား ပြီးခဲ့သည့်နှစ်ကထက်(၀.၇%) တိုးချဲ့ခဲ့ရာ ရာသီဥတုကောင်းမွန်ခြင်းကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှုန်းသည် (၀.၀၆၇)ဟက်တာလျှင် (၁.၂%) အထိ မြင့်တက်လာခဲ့ပြီး နိုင်ငံတွင်းရှိ ပြည်နယ်(၃၁)ခုအနက်(၂၇)ခုမှ ကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှု မြင့်မားခဲ့ရာ အထူးသဖြင့်  ရှင်းကျန့်၊အန်းဟွေး၊ဟူနန်၊စီချွမ်နှင့်ရှန်းတုန်းပြည်နယ်များမှ ကောက်ပဲသီးနှံ ထုတ်လုပ် ထွက်ရှိမှုသည်  ကီလိုဂရမ် သန်းပေါင်း(၅၀၀)ကျော်ခဲ့သည်ဟု  တရုတ် အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များ၌ ဖော်ပြထားကြောင်း၊ ကောက်ပဲသီးနှံ ထုတ်လုပ်ထွက်ရှိမှု တည်ငြိမ်စေရန်အတွက်  လယ်သမားများအနေဖြင့်  ကြုံတွေ့နေရသည့် လယ်ယာစိုက်ပျိုးရေးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် အခက်အခဲများဖြစ်ပေါ်နေခြင်းအား အဆင်ပြေစေရန် အစိုးရအနေဖြင့် လိုအပ်သည့်အထောက်အပံ့များ‌ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုကဲ့သို့ပင် နောင်လာမည့် ၅ နှစ်မှ ၁၅ နှစ်တာကာလအတွင်း‌ဆောင်ရွက်မည့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာထုတ်ပြန်ချက်များ၌ အစားအစာလုံခြုံစိတ်ချရမှုရှိစေရန်နှင့် အ‌ရေးကြီးသည့် လယ်ယာစိုက်ပျိုးရေးပစ္စည်းများ လုံလောက်စွာရရှိနိုင်ရန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု‌ ဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပေကျင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံ

တိုက်ရိုက်ရောင်းချခြင်းနည်းဥပ‌ဒေများထုတ်ပြန်

          အိန္ဒိနိုင်ငံအစိုးရ၊စားသုံးသူရေးရာ၊စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည်  ၂၈-၁၂- ၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် G.S.R 889 (E)ဖြင့်  ၂၀၂၁ ခုနှစ် စားသုံးသူအကာ အကွယ်‌ပေးရေးဆိုင်ရာ တိုက်ရိုက်‌ရောင်းချခြင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ နည်းဥပဒေများ၌ တိုက်ရိုက်ရောင်းချခြင်းလုပ်ကိုင်သည့်ကုမ္ပဏီများနှင့် ၎င်းတို့၏ အရောင်းကိုယ်စားလှယ်များအနေဖြင့်  ပိရမစ်ပုံစံရောင်းချခြင်း (သို့) အဖွဲ့ဝင်သစ် စုဆောင်းမှုဖြင့် ငွေကြေးလည်ပတ်မှု ပြုလုပ်ခြင်းကို လုပ်ကိုင်ဆောင်ရွက်မှုမပြုရန် တားမြစ်ထားကြောင်း၊ တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သူများသည် ပြည်တွင်း၌ အနည်းဆုံးအားဖြင့် တည်နေရာလိပ်စာတစ်ခုတွင်မှတ်ပုံတင်၍ ရုံးခန်းဖွင့်လှစ်ထားရှိရမည် ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူသည့် စားသုံးသူများ၏ နစ်နာမှုနှင့် တိုင်ကြားလာသည့်ကိစ္စရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းမည့်စနစ်တစ်ရပ်အား ထူထောင် ထားရှိရမည်ဖြစ်သည့်အပြင် ၎င်းတို့၏အရောင်းကိုယ်စားလှယ်များမှရောင်းချသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများမှဖြစ်ပေါ်လာသော စားသုံးသူများ၏နစ်နာမှုကိုလည်း တာဝန်ခံရမည်ဖြစ်ကြောင်း၊ တိုက်ရိုက်ရောင်းချမှုလုပ်ကိုင်သည့် ကုမ္ပဏီများသည် စားသုံးသူများ၏အခွင့်အရေးများ လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ၎င်းတို့ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ၊ ငွေပေးချေရမည့် ကာလ၊ ငွေပေးချေမှုနည်းလမ်းများ၊ ကုန်စည်ပြန်လည်အပ်နှံမှု၊ ကုန်ပစ္စည်းလဲလှယ်မှု၊ ငွေပြန်အမ်းပေးမည့်မူဝါဒ၊ ရောင်းချပြီးနောက်ပိုင်း၌ ဝန်ဆောင်မှုပေးမည့်စနစ် စသည့်အသေးစိတ်အချက်များကို အသိပေးဖော်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံရှိ ပြည်နယ်/ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့များအနေဖြင့် တိုက်ရိုက်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                        ရောင်းချမှုလုပ်ကိုင်သည့် ကုမ္ပဏီနှင့်လူပုဂ္ဂိုလ်များ၏ လုပ်ငန်း‌ဆောင်ရွက်မှုများကို စောင့်ကြည့်ကြပ်မတ်ရန်အတွက်  ယန္တယားတစ်ရပ်ကို ထူထောင်ထားရှိရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ တိုက်ရိုက်ရောင်းချခြင်းကို လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အထက်ပါအမိန့်ကြော်ငြာစာအား အစိုးရ Gazette ၌ ထုတ်ပြန်‌ဖော်ပြသည့်နေ့ရက်မှ ရက်ပေါင်း(၉၀)အတွင်း နည်းဥပဒေများနှင့်လျော်ညီမှုရှိအောင် ပြင်ဆင်‌ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယ တိုက်ရိုက်ရောင်းချသူများအသင်း(IDSA)ဥက္ကဋ္ဌ က ၎င်းတို့အနေဖြင့် တိုက်ရိုက်ရောင်းချမှု လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍

လွန်ခဲ့သော ၂ နှစ်ကပင် အစိုးရနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့နည်းဥပဒေများအား ထုတ်ပြန်ပြဌာန်းခဲ့မှုမှာ ဈေးကွက်အတွင်း ရှင်းလင်းပြတ်သားမှုကို ဆောင်ကြဉ်းလျက် တိုက်ရိုက် ရောင်းချမှုလုပ်ငန်းနယ်ပယ်အတွက် တွန်းအားပေးမှုကိုဖြစ်ပေါ်စေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက် ရောင်းချမှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ တိုက်ရိုက် ရောင်းချမှုလုပ်ငန်းပမာဏသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၃)ဘီလီယံ (ရူပီးငွေကုဋေ၂၂၅၀၀ခန့်) ရှိပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၂၈.၃% ရှိ ကြောင်း၊ အမျိုးသမီးဉီးရေ ၅၀%ကျော်  ပါဝင်သည့် အရောင်းကိုယ်စားလှယ် ၇.၄ သန်းကျော်ရှိသော အိန္ဒိယတိုက်ရိုက်ရောင်းချမှုလုပ်ငန်းနယ်ပယ်သည် ကမ္ဘာပေါ်၌ အလျင်မြန်ဆုံး တိုးတက်လျက်ရှိသော ဈေးကွက်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ

စူပါမားကတ်များတွင် ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်လျှက်ရှိ

          နယူးဆောက်ဝေးပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားသူအရေအတွက် တိုးလာခြင်းကြောင့် ပြည်နယ်တစ်ဝှမ်းရှိ စူပါမားကတ်များတွင် ကုန်ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း၊ ပြည်နယ် တစ်ဝှမ်းရှိ ဝယ်ယူသူများသည် အဓိက စူပါမားကတ်အချို့တွင် လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့်အသားများ စသည့်ထုတ်ကုန်များပြတ်လပ်မှုကို သတိပြုမိလျက်ရှိကြောင်း၊ Woolworths စူပါမားကတ်မှ တာဝန်ရှိသူက ဆက်လက်ဖြစ်ပွားနေသော ကျန်းမာရေးအကျပ်အတည်းသည် ထောက်ပံ့ပို့ဆောင်ရေးကို ကြီးမားစွာအနှောက်အယှက်ဖြစ်စေရာ အဆိုပါထောက်ပံ့ရေးပစ္စည်းများသည် အဓိကအားဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုအရေအတွက်များပြားသော Great Sydney ဧရိယာ တွင်တည်ရှိကြောင်း၊ ယခုပြဿနာမှာ ကုန်စည်ပြတ်လပ်ခြင်းမဟုတ်ဘဲ ကုန်ပစ္စည်းများကို စတိုးဆိုင်များနှင့် စင်များပေါ်အရောက်တင်ရန် ထောက်ပံ့ပို့ဆောင်မှုကို စီမံခန့်ခွဲနိုင်မှု မရှိ၍ဖြစ်ကြောင်း၊ လုပ်သားများ ကူးစက်ခံရမှုကြောင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်းမရှိသည့်အချိန်တွင် စားသုံးသူများ၏ ကြောက်ရွံ့မှုကြောင့် ဝယ်ယူမှုများများပြားလာခြင်းက ထောက်ပံ့မှုကွင်းဆက်ကို တစ်ဖန်အနှောက်အယှက် ဖြစ်ပေါ် စေကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)