မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်၌ အထွက်နှုန်းမြင့် စပါးစမ်းသပ်စိုက်ပျိုး

Powered by Drupal

      မလေးရှားနိုင်ငံအရှေ့ပိုင်းဒေသရှိ ဆာဘား (Sabah) ပြည်နယ်အနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် အထွက်နှုန်းမြင့်မားသော စပါးများစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဖြစ်သူ Datuk Seri Dr Jeffrey Kitingan က ပြောကြားခဲ့ပါသည်။

    Dr Jeffrey က လက်ရှိကာလတွင် မလေးရှားနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုမှာ   ပြည်တွင်းစားသုံးရန်လိုအပ်ချက်၏ ၂၃%ခန့်ကိုသာဖြည့်ဆည်းပေးနိုင်သဖြင့် ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ် တို့အပါအဝင် နိုင်ငံများစွာထံမှ ဆန်တင်သွင်းခွင့်ပြုထားကြောင်း၊ ပြည်တွင်း၌ ဆန်လုံလောက်စွာရောင်းချပေးနိုင်ရန်အတွက် နိုင်ငံပိုင်ဆန်စပါးကုမ္ပဏီဖြစ်သော Padiberas Nasional Berhad (BERNAS) နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါးစိုက်ဧရိယာကိုတိုးချဲ့မှုအပြင် အထွက်နှုန်းကိုလည်း ၁ဟက်တာလျှင် စပါး ၃.၄တန်ထွက်ရှိမှုမှ ၁ဟက်တာလျှင် ၆တန်မှ ၇တန်အကြားထိရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုအစိုးရစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံမှုဝန်ကြီးဌာန၏ ဆန်းစစ်ချက်အရ စိုက်ပျိုးမှုဧရိယာ ၁ဟက်တာလျှင် စပါး ၇တန်အထွက်နှုန်းအထိမြှင့်တင်နိုင်ပါက မလေးရှားနိုင်ငံအနေဖြင့် ပြည်ပသို့ပင် ဆန်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊  ပြည်နယ်အတွင်း Keningau မြို့ရှိ Apin-Apin စိုက်ခင်း၌ စပါးမျိုးအသစ်ဖြင့် ၁ဟက်တာလျှင် ၇တန်နှုန်းထွက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ Kota Belud နှင့် Kota Marudu ခရိုင်မြို့များတွင်လည်း စပါးမျိုးစေ့သစ်ကို စမ်းသပ်စိုက်ပျိုးခဲ့ပြီး တူညီသည့်အထွက်နှုန်းဖြင့် ပုံမှန်စိုက်ပျိုးထုတ်လုပ်နိုင်မည့် အခြေအနေရှိပါက ဆာဘားပြည်နယ်တစ်ခုလုံးတွင် ဆက်လက်ဖြန့်ကျက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      အစိုးရနှင့်ချိတ်ဆက်ထားသော ကုမ္ပဏီများအနေဖြင့် ၄င်းတို့ပိုင်မြေယာများ၏ တချို့သောမြေဧရိယာများကို အထွက်နှုန်းမြင့်စပါးများစိုက်ပျိုးရေးအတွက် ထိန်းသိမ်းထားရှိရန် မလေးရှားအစိုးရက တိုက်တွန်းထားသည်။ Dr Jeffrey က အစိုးရနှင့်ချိတ်ဆက်ထားသော ကုမ္ပဏီတစ်ခုလျှင် စိုက်ပျိုးမြေ ၅ဝဝဝဟက်တာခန့်ရှိသဖြင့် ကုမ္ပဏီ ၁ဝခုဆိုပါက ၅ဝဝဝဝဟက်တာခန့်အား စပါးစိုက်ဧရိယာများအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ဝယ်လိုအားမြင့်မားမှုနှင့် ဈေးနှုန်းမြင့်မားမှုအရ လယ်သမားများအတွက် စီးပွားရေးအကျိုးအမြတ်ပိုမိုရရှိစေမည့် တောင်ယာစပါးကိုလည်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဆာဘားပြည်နယ်၊ အရှေ့ဖက်ကမ်းခြေရှိ ရေငန်ပိုင်းဒေသများတွင်လည်း စပါးစိုက်ပျိုးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ဆာဘားပြည်နယ်၊ ဆန်စပါးဘုတ်အဖွဲ့တည်ထောင်မှုနှင့်အတူ ပြည်နယ်အစိုးရက ဆန်နှင့်စပါးသီးနှံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: New Straight Times, 27 Nov 2023