အိန္ဒိယကော်ဖီတင်ပို့သူများအတွက် ကော်ဖီဝယ်လိုအားမြင့်တက်လာ

Powered by Drupal

     ဥရောပနှင့် အနောက်အာရှ၏ အဓိကဈေးကွက်ကြီးများတွင် ကော်ဖီဝယ်ယူသူများသည် လက်ရှိရိတ်သိမ်းပြီးဖြစ်သည့် အာရေးဗီးကားကော်ဖီသီးနှံအသစ်များကို အမှာဝယ်ယူမှုများ စတင်ပြုလုပ်နေပြီဖြစ်ခြင်းကြောင့် အိန္ဒိယနိုင်ငံကော်ဖီတင်ပို့သူများအနေဖြင့် ဝယ်လိုအားမြင့်တက်လာခြင်းကို စတင်တွေ့မြင်လာကြကြောင်း The Hindu Business Line သတင်းစာတွင် ဖော်ပြထားပါသည်။

      အိန္ဒိယကော်ဖီတင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Ramesh Rajah က ကော်ဖီဝယ်လိုအားမှာ မြင့်တက်လာကြောင်း၊ အာရေးဗီးကားကော်ဖီဈေးနှုန်းများသည် ယခင်ကထက် နိမ့်ကျလျက် ရှိပြီး ဝယ်ယူရန်သင့်လျော်သည်ဟု ယူဆမှုများရှိကြောင်း၊ အာရေးဗီးကားကော်ဖီအသစ်များသည် ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိကြောင်း၊ သီးနှံထွက်ရှိမှုပမာဏနည်းပါးနိုင်သည်ဟူသော အစီရင်ခံစာများအရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမှာစာအနည်းငယ်ကိုသာ လက်ခံဆောင်ရွက်လျက်ရှိပြီး ပမာဏကြီးမားစွာစာချုပ်ချုပ်ဆိုမှုများမရှိကြောင်း ပြောကြားခဲ့သည်။

      ယခုနှစ်၌ ပုံမှန်မဟုတ်သောမိုးရွာသွန်းမှုပုံစံများကြောင့် အာရေးဗီးကားကော်ဖီရိတ်သိမ်းမှုကို တစ်လကြိုတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အောက်တိုဘာလအကုန်တွင် စတင်ရိတ်သိမ်းခဲ့ သော်လည်း ယခုအခါ ရိတ်သိမ်းမှုရပ်နားထားသဖြင့် ဈေးကွက်ရောက်ရှိမှုများမှာလည်း နှေးကွေးလျက်ရှိကြောင်း၊ လာမည့်လမှအစပြု၍ အဝယ်များပိုကောင်းနိုင်ကြောင်းဖြင့် သိရပါသည်။

     (၂၀၂၃-၂၄) သီးနှံရာသီအတွက် အာရေးဗီးကားကော်ဖီအသစ်တင်ပို့မှုများကို ဇန်နဝါရီလမှစတင်နိုင်ရန် မျှော်မှန်းထားကြောင်း၊ တင်ပို့သူများသည်လည်း ကော်ဖီ၏ လက်ရှိဈေးနှုန်းအဆင့်မှ မြင့်တက်လာသောဈေးနှုန်းများကို သိမြင်လာကြကြောင်း၊ ရိုဘက်စတာ မြေနိမ့်ကော်ဖီ၏ဈေးနှုန်းများမှာလည်း ဈေးကောင်းရနေသဖြင့် လက်ရှိအဆင့်တွင် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်းဖြင့် Rajah က ဆက်လက်ပြောကြားခဲ့သည်။

     လက်ရှိ (၂၀၂၃-၂၄) ဘဏ္ဍာနှစ်အတွက် အိန္ဒိယ၏ ကော်ဖီစေ့တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်အတိုင်း ဆက်လက်ရှိနိုင်ကြောင်း၊ ၂၀၂၄ပြက္ခဒိန်နှစ်၏ ပထမ ၃လပတ် သို့မဟုတ် စတုတ္ထ ၃လပတ်တွင်လည်း တင်ပို့မှုများသည် ယခင်ကာလတူအတိုင်း ဆက်လက်ရှိနိုင်ကြောင်း Rajah က ခန့်မှန်းထားသည်။

     လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ရက်နေ့မှ နိုဝင်ဘာလ ၂၈ရက်နေ့အထိ အိန္ဒိယ၏ ကော်ဖီစုစုပေါင်းတင်ပို့မှုသည် ယခင်နှစ်ကာလတူ၏ တန်ချိန် ၂.၆၁သိန်းအောက် ၆.၅%လျော့နည်းလျက် တန်ချိန် ၂.၄၄သိန်းသာတင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော်  အမြင့်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့မှုကြောင့် ကော်ဖီတင်ပို့မှုမှ ရငွေသည် ယခင်နှစ်ကာလတူ၌ရရှိသော ဒေါ်လာ ၇၃၃သန်းထက် ၆%ပိုမိုလျက် ဒေါ်လာ ၇၇၅သန်းသို့မြင့်တက်ခဲ့ကြောင်းသိရှိရသည်။

        အိန္ဒိယမှထုတ်လုပ်သော ကော်ဖီများသည် ဥရောပသမဂ္ဂမှထုတ်ပြန်ထားသည့် သစ်တောပြုန်းတီးခြင်းမှကင်းစင်သော ထုတ်ကုန်များဆိုင်ရာ EUDR စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိ/မရှိကို  ကော်ဖီဝယ်ယူသူများက စုံစမ်းမေးမြန်းမှုရှိကြောင်း၊ အဆိုပါ စည်းမျဉ်းများသည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှစတင်၍ သက်ရောက်မှုရှိမည်ဖြစ်ရာ ဥရောပသမဂ္ဂအခြေပြုကုမ္ပဏီများအနေဖြင့် ၎င်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ထုတ်ကုန်များကိုသာတင်သွင်းနိုင်ရေး သေချာအောင်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

       အစိုးရကော်ဖီဘုတ်အဖွဲ့သည် အဆိုပြုထားသော EUDR စံနှုန်းများကို လိုက်နာနိုင်မည့်စနစ်တစ်ခုကို တည်ဆောက်ရန်အတွက် (၂၉-၁၁-၂၀၂၃) ရက်နေ့တွင် အစုအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယခြံစိုက်ခင်းသီးနှံများစီမံခန့်ခွဲမှုသိပ္ပံ (Indian Institute of Plantation Management) မှ တာဝန်ရှိသူများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများ၏ ကိုယ်စားလှယ်တို့ပါဝင်သောအဖွဲ့များဖြင့် EUDR စံနှုန်းများအတွက် လိုက်နာရမည့်ယန္တရားတစ်ခုကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

Source: The Hindu Business Line, 29 Nov 2023