ကမ္ဘောဒီးယားအနေဖြင့် သီဟိုဠ်‌စေ့တင်ပို့မှုမှ ကန်ဒေါ်လာ ၈၃၀သန်းခန့်ရရှိ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ခုနှစ်၏ ပထမ ၁၀လတာကာလအတွင်း၌ သီဟိုဠ်စေ့အဆန်များကို ပြည်ပဈေးကွက်များသို့ တန်ချိန် ၆၁၀၀၀၀ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၈၃၁သန်းရရှိခဲ့ကြောင်း နိုဝင်ဘာလ ၂၉ရက်နေ့၌ထုတ်ပြန်ခဲ့သော ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းရှင်များအသင်း (Cambodian Cashew Association - CCA) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

     ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကာလအတွင်း၌ သီဟိုဠ်စိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၆၅၁၀၀၀ရှိခဲ့ကြောင်း၊ ပြည်တွင်း၌ စီမံပြုပြင်ထုပ်ပိုးခြင်းဆိုင်ရာပံ့ပိုးမှုများနည်းပါးခြင်း ကြောင့် ပြည်ပဈေးကွက်များသို့ တန်ချိန် ၆၁၀၀၀၀ကျော်သာတင်ပို့လျက် အမေရိကန်‌ဒေါ်လာ ၈၃၁သန်းခန့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူအောက် ၁၆.၇%လျော့ကျတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်းဖြင့် အဆိုပါအစီရင်ခံစာ၌ ဖော်ပြပါသည်။

    ကမ္ဘောဒီးယားနိုင်ငံ၌ နေရာဒေသများစွာတွင် သီဟိုဠ်စိုက်ပျိုးမှုကိုလုပ်ကိုင်လျက်ရှိပြီး လက်ရှိကာလ၌ စိုက်ပျိုးဧရိယာဟက်တာ ၇သိန်းခန့် ရှိကြောင်းသိရှိရသည်။ CCA ၏ဥက္ကဋ္ဌ Uon Siloth က ရာသီဥတုပြောင်းလဲမှုနှင့် ဈေးနှုန်းများကျဆင်းမှုကြောင့် လယ်သမားများသည် သီဟိုဠ်စိုက်ပျိုးမှုဧရိယာကို လျှော့ချလုပ်ကိုင်လာကြသဖြင့် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

      စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဒုတိယအတွင်းဝန် Touch Bun Hour က ဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပိုမိုကောင်းမွန်သော ဈေးကွက်များရရှိနိုင်ရန်အတွက် အရည်အသွေး၊ ဘေးကင်းစိတ်ချရမှု၊ စံသတ်မှတ်ချက်များနှင့် မူဝါဒများကို အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ သီဟိုဠ်စေ့ပြုပြင်ထုပ်ပိုးခြင်းသည် ထုတ်လုပ်မှု၏ ၅%မှ ၁၀%အကြားသာရှိကြောင်း၊ အခြားသောသီဟိုဠ်စေ့အဆန်အစို ၉၀%ကို ကုန်ကြမ်းများအဖြစ် ပြည်ပဈေးကွက်များသို့ တင်ပို့နေရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဆုံးရှုံးရကြောင်း ပြောကြားခဲ့သည်။       

    လက်ရှိကာလတွင် သီဟိုဠ်စေ့ အဆန်ခြောက်များ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ၁၇၀၀မှ ဒေါ်လာ၁၉၀၀အကြားရှိကြောင်း၊ ဒုတိယအတွင်းဝန် Bun Hour ၏ ပြောကြားမှုအရ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် သီဟိုဠ်စိုက်ပျိုးနိုင်သည့် မြေဧရိယာမှာ ဟက်တာပေါင်း ၂.၃၈သန်းခန့်ရှိကြောင်း၊ အဆိုပါသီဟိုဠ်သီးနှံသည် အစိုးရအတွက် မဟာဗျူဟာကျသောသီးနှံဖြစ်၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

     ကမ္ဘောဒီးယားအစိုးရသည်  အဓိကမဟာဗျူဟာရည်မှန်းချက် ၃ခုဖြစ်သည့် ထုတ်လုပ်မှု၊ ပြုပြင်ထုပ်ပိုးမှုနှင့် တင်ပို့မှုမဟာဗျူများကို အလေးပေးထားသည့် လမ်းပြမြေပုံတစ်ခုဖြစ်သော အမျိုးသားအဆင့် သီဟိုဠ်မူဝါဒ (၂၀၂၂-၂၀၂၇) ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ သီဟိုဠ်စေ့ထုတ်လုပ်မှုမှာ တန်ချိန် ၅သန်းရှိသည့် အနက် ကမ္ဘောဒီးယားအနေဖြင့် ၁.၁၈သန်းဖြင့် အကြီးမားဆုံးထုတ်လုပ်သူဖြစ်ခဲ့ကြောင်း၊ ၂၀၂၂ နှစ်တွင် တန်ချိန် ၆၉၀၀၀၀တန်ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဒုတိယအဆင့်သာဖြစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားမှ သီဟိုဠ်စေ့ကို ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ ရုရှား၊ တရုတ်၊ ဟောင်ကောင်၊ ပြင်သစ်၊ ကိုရီးယား၊ တူရကီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့  တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Source: Khmer Times, 30 Nov 2023