မွန်ပြည်နယ်ဒေသထွက် စိမ်းစားငါးပိ၊ ငါးပိရည်ကျို ဈေးကွက်နှင့်ဈေးနှုန်း

Powered by Drupal

     မြန်မာနိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် စိမ်းစားငါးပိနှင့် ငါးပိရည်ကျိုကို ထုတ်လုပ်စားသုံးကြသည်။ ၎င်းကမ်းရိုးတန်းပြည်နယ်များမှ မွန်ပြည်နယ်တွင်လည်း ဒေသထွက်ကုန်အမယ်အဖြစ် ငါးပိ၊  ငါးခြောက်၊ ငါးပိရည်ကျိုထွက်ရှိမှုနှင့် ရောင်းချမှုများမှာ ကောင်းမွန်လျက်ရှိသည်။  မွန်ပြည်နယ်အတွင်းရှိ  စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုကို ဈေးကွက်၊ ဈေးနှုန်းများရရှိထား၍ ယခင်နှစ်ထက် စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုတို့မှာ ဈေးကွက်တွင်ကျယ်စွာရရှိမှုနှင့် ဈေးနှုန်းပိုမိုရရှိခြင်း  ဒေသစားသောက်ဖွယ်အမယ်များအဖြစ်တွေ့ရှိရသည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုထွက်ရှိရာဒေသ

    မွန်ပြည်နယ်တွင် ရေးမြို့နယ်၊  သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ဒမင်းဆိပ်ကျေးရွာ၊ ကျိုက်ခမီမြို့နယ်များမှ ကျုံကဒတ်ကျေးရွာ၊ ကရင်တောင်ကျေးရွာ၊ ချောင်းဆုံမြို့နယ်၊ ဆယ်ဗလာကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်၊ ဇုတ်ကလိကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ တံငါရွာကျေးရွာ၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ကော့စိန်ကျေးရွာတို့မှ  စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုထွက်ရှိသည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုဈေးနှုန်း

     မွန်ပြည်နယ်ရှိ မြို့နယ်အတွင်းတို့မှထွက်ရှိသော စိမ်းစားငါးပိဈေးနှုန်းအခြေအနေများမှာ ငါးပိအမျိုးအစားခွဲခြားထားသောကြောင့် ဈေးနှုန်းလည်းကွာခြားမှုရှိပါသည်။ ကြိုက်နှစ်သက်သောဈေးနှုန်းဖြင့် စားသုံးသူများက ဝယ်ယူစားသောက်ကြသည်။ စိမ်းစားငါးပိတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၉၀၀၀-၉၅၀၀-၁၀၀၀၀-၁၁၀၀၀)အတွင်း ဈေးနှုန်းများရှိသည်။ ငါးပိရည်ကျိုဈေးနှုန်းများမှာ ငါးရံ့ငါးပိရည်ကျိုတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးပြေမငါးပိရည်ကျိုတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးဇဉ်ရိုင်းငါးပိရည်ကျိုတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးစုံအရော ငါးပိရည်ကျိုတစ်ပိဿာလျှင် ၅၀၀၀ကျပ်တို့ဖြစ်သည်။  စိမ်းစားငါးပိနှင့်ငါးပိရည်ကျိုဈေးနှုန်းသည် ယခင်နှစ်ထက် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အတွင်း ဈေးနှုန်းမြှင့်တက်လာခဲ့သည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုဈေးကွက်

    မွန်ပြည်နယ်မြို့နယ်များမှ ထွက်ရှိသော စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့် ငါးပိရည်ကျို ဒေသအစားအစာကို မွန်ပြည်နယ်၊ မြို့နယ်(၁၀)မြို့နယ်အတွင်းရှိ မော်လမြိုင်မြို့၊ ကျိုက်မရောမြို့၊  ကျိုက်ခမီမြို့၊ သံဖြူဇရပ်မြို့၊ ချောင်းဆုံမြို့၊ မုဒုံမြို့၊ ဘီးလင်းမြို့၊ သထုံမြို့၊ ပေါင်မြို့၊ ကျိုက်ထိုမြို့နယ်များသို့ ဖြန့်ဝေလျက်ရှိသည်။ ဒေသတွင်းအပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင်လည်း ကုန်သွယ်ဖြန့်ဖြူးလျက်ရှိသည်။ မွန်ပြည်နယ်မှထွက်ရှိသည့် စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုကို လူကြိုက်များသော ဒေသအစားအစာအဖြစ် ကြိုက်နှစ်သက်စွာစားသုံးကြသည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုထုတ်လုပ်သူများ အကျိုးအမြတ်ရရှိမှု

    စားသုံးမှုနှင့်ဈေးကွက်ဈေးနှုန်းရရှိနေသော မွန်ဒေသထွက် စိမ်းစားငါးပိ၊ ငါးပိရည်ကျိုပြုလုပ်သူများသည် ကုန်ကြမ်းထွက်ရှိသော ဒေသခံများဖြစ်ကြသည်။၎င်းဒေသမှရရှိသည့် ကုန်ကြမ်းတို့ကို လုပ်နည်းအတိုင်း အဆင့်ဆင့်ပြုလုပ်ကြသည်။ ထို့မှတစ်ဆင့် စားသုံးသူများအတွက် အသင့်စားနိုင်သည့် စိမ်းစားငါးပိ၊ ငါးပိရည်ကျိုတို့ကို ကုန်ချောဖြစ်သည်အထိပြုလုပ်ကြသည်။  ဈေးကွက်၌ရောင်းချတော့မည့် စိမ်းစားငါးပိ၊ ငါးပိရည်ကျို စသည့်ကုန်ချောကုန်စည်ကို ဘူးဖြင့်ထည့်သွင်း၍လည်းကောင်း၊ အိတ်ဖြင့်ထုပ်ပိုး၍လည်းကောင်း၊ လက်လီ/ လက်လားဖြန့်ချိရေးဖြင့် အမြို့မြို့အနယ်နယ်သို့  ကုန်စည်စီးဆင်းလျက်ရှိသည်။

    အကျိုးအမြတ်အနေဖြင့် မိသားစုတနိုင်တပိုင်ပြုလုပ်သူများ ဝင်ငွေတိုးပွားလာခြင်း၊ လုပ်သားများငှားရမ်းလုပ်ဆောင်သောလုပ်ငန်းများအနေဖြင့် ဒေသတွင်းပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ အလုပ်လုပ်ရခြင်းကြောင့် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်ရှင်နှင့်အလုပ်သမားအတွက် အကျိုးအမြတ်ရရှိခြင်း၊ ကုန်ကြမ်းကို မိမိပြည်တွင်း၌သာရရှိ၍ ကုန်ကြမ်းရှားပါးမှုကို စိုးရိမ်မှုမရှိခြင်းတို့မှာ မွန်ဒေသ၏စီးပွားရေးအားသာချက်တစ်ခုဖြစ်သည်။

စိမ်းစားငါးပိ(မျှင်ငါးပိ)နှင့်ငါးပိရည်ကျိုစားသုံးမှုများ

  စားသုံးသူများက စိမ်းစားငါးပိကို ဟင်းချက်ပြုတ်ရာတွင်လည်းကောင်း၊ ငါးပိကြော်ပြုလုပ်၍လည်းကောင်း၊ ငါးပိမီးဖုတ်၍ ကြက်သွန်နီဖြင့် သုပ်စား၍လည်းကောင်း၊  မြန်မာလူမျိုးတို့သည် ငါးပိကို ကြိုက်နှစ်သက်သောပုံစံအမျိုးမျိုးများဖြင့် ပြုလုပ်စားသုံးကြသည်။ မြန်မာလူမျိုးတို့၏ ရာသီချိန်အလှူပွဲများ၊ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်၊  ကထိန်အလှူ မင်္ဂလာပွဲ စသည်တို့၌ ထမင်းကျွေးမွေးရာတွင် ငါးပိရည်ကျိုကို (ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်) ထည့်၍ အနံ့မွှေးမွှေးငါးပိရည်ကျိုနှင့် တို့စရာတို့ဖြင့်လည်းကောင်း၊ မိသားစုထမင်းဝိုင်းတွင်လည်းကောင်း၊ ငါးပိရည်ကျိုကို မပါမဖြစ် ကြိုက်နှစ်သက်စွာချက်ပြုတ်စားသုံးကြသည်။ ထမင်းဝိုင်းအလယ်ဆုံအဖြစ် ငါးပိရည်ကျိုနှင့်တို့စရာအစုံ (ခရမ်းသီးပြုတ်၊ ဘူးသီးအသေးပြုတ်၊ ရုံးပတီသီးပြုတ်၊ ပေါက်ပန်းရွက်ပြုတ်၊ ခရမ်းကစော့သီး၊ ခံတက်ချဉ်၊ ချဉ်ဖတ်စုံ၊ တမာရွက်ချဉ်၊ မြင်းခွာရွက်၊ သခွားသီး)တို့မှာ ဒေသစာတစ်ခုဖြစ်သည့်အပြင်း ကျန်းမာရေးအရ ငါးမှရရှိသည့် အာဟာရဓာတ်ကြွယ်ဝစွာရရှိသော  မွန်ဒေသထွက် ငါးပိနှင့်ငါးပိရည်ကျိုအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။  

DOCA(မွန်)