အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်၌ ဒီဇင်ဘာလဆန်းပိုင်းတွင် ၃ ရက်ကြာမျှ ဖြစ်ပေါ်နေ သည့် လိုလားဖွယ်ရာမရှိသော ရာသီဥတု အခြေအနေနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း “မိချောင်း” ၏ သက်ရောက်မှုကြောင့် ပဲစင်းငုံစိုက်ခင်းများထိခိုက်နိုင်မှုအပေါ် တောင်သူများက စိုးရိမ်မကင်း ဖြစ်ပေါ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံအတွင်း ပဲစင်းငုံ စိုက်ပျိုးမှုအများဆုံးဖြစ်သော ကာနာတကာပြည်နယ်၌ မုတ်သုံ မိုးရွာသွန်းမှု ပုံပျက်ယွင်းခြင်းနှင့် စိုက်ပျိုးချိန် နောက်ကျခြင်းတို့ကြောင့် စိုက်ပျိုးမှုကျဆင်းခဲ့သော မိုးသီးနှံ ပဲစင်းငုံစိုက်ခင်းများ၏ အခြေအနေမှာ အဆင့်အမျိုးမျိုးဖြင့် ကွဲပြားလျက်ရှိသည်။ အဆိုပါ ပြည်နယ်ရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌဖြစ်သူ Basavaraj Ingin က စိုက်ချိန် နောက်ကျခဲ့သော ဒေသများတွင် ပဲစင်းငုံပင်များသည် အပွင့်ပွင့်ဆဲ အဆင့်တွင်ရှိသော်လည်း ပုံမှန် အတိုင်း စိုက်ပျိုးနိုင်သည့် ဒေသများ၌မူ လာမည့် ရက်သတ္တပတ် ၂ ပတ်အတွင်း ရိတ်သိမ်းခူးဆွတ် ရန် အသင့်ရှိသော အဆင့်သို့ ရောက်ရှိနေကြောင်း၊ လွန်ခဲ့သော ရက်အနည်းငယ်၌ အချိန်အခါ မဟုတ် မိုးရွာသွန်းမည့် ရာသီဥတုဖြစ်ပေါ်ခြင်းက သီးနှံများ၏ အပွင့်ကြွေမှုကို ဖြစ်ပေါ်စေနိုင်သည့် အပြင် ယခုအချိန် မိုးရွာသွန်းမှုသည် ပဲစင်းငုံများ၏ အရည်အသွေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခင်နှစ်၌ ပဲစင်းငုံကို ဟက်တာ ၄၆.၁၂ သိန်း စိုက်ပျိုးခဲ့ရာမှ လျော့ကျလျက် ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဟက်တာ ၄၃.၈၆ သိန်းသာရှိကြောင်း သိရှိရသည်။ ကာနာတကာပြည်နယ်၌ ယခုနှစ် ပဲစင်းငုံ စိုက်ပျိုးမှုမှာ ဟက်တာ ၁၃.၇၅ သိန်းရှိပြီး ယခင်နှစ် စိုက်ပျိုးနိုင်မှုအောက် ဟက်တာ ၀.၄၀ သိန်းခန့် လျော့နည်းလျက်ရှိသည်။ ပဲစင်းငုံကို ဒုတိယအများဆုံး စိုက်ပျိုးရာဒေသဖြစ်သော မဟာရဋ္ဌပြည် နယ်တွင် ယခင်နှစ် စိုက်ပျိုးမှုအောက် ဟက်တာ ၀.၅၂ သိန်း ကျဆင်းလျက် ဟက်တာ ၁၁.၁၇ သိန်းသာ စိုက်ပျိုးခဲ့သည်။ အလားတူ ပဲစင်းငုံစိုက်ပျိုးမှုဧရိယာများသည် အန္တရာပရာဒေ့ရှ် ပြည်နယ် တွင် ယခင်နှစ်၌ ဟက်တာ ၂.၀၆ သိန်းမှ ယခုနှစ် ဟက်တာ ၁.၅၇ သိန်း သို့လည်းကောင်း၊ တဲလန် ဂါနာပြည်နယ်၌ ယခင်နှစ် ဟက်တာ ၂.၂၆ သိန်းမှ ယခုနှစ် ဟက်တာ ၁.၉၂ သိန်း သို့လည်းကောင်း အသီးသီး ကျဆင်းခဲ့သည်။ သို့သော် ၂၀၂၃-၂၄ ခုနှစ် သီးနှံစိုက်ပျိုးရာသီအတွက် ပထမအကြိမ် ကနဦး အထွက်ခန့်မှန်းချက်၌ ပဲစင်းငုံထွက်ရှိမှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁.၀၉ သိန်းပိုမိုလျက် တန်ချိန် ၃၄.၂၁ သိန်းအထိ ထွက်ရှိရန် အစိုးရက မျှော်မှန်းထားသည်။
မဟာရဋ္ဌပြည်နယ်တွင် မကြာသေးမီကာလ၌ ရွာသွန်းခဲ့သော အချိန်အခါမဟုတ်မိုးကြောင့် နေရာဒေသအနှံအပြားတွင် စိုက်ပျိုးထားရှိသည့် ပဲစင်းငုံစိုက်ခင်းများသည် အပွင့်များကြွေကျပြီး ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ကာနာတကာပြည်နယ်၌ ဆောလျင်စွာ စိုက်ပျိုးခဲ့သော စိုက်ခင်းများ တွင် သီးနှံများရိတ်သိမ်းမှု စတင်ခဲ့ပြီး Kalaburgi နှင့် Raichur တို့ကဲ့သို့သော ဈေးကွက်များသို့ ပဲစင်းငုံများ ဝင်ရောက်လျက်ရှိကြောင်း ကုန်သည်အချို့က ပြောဆိုကြသည်။
ရာသီဥတု ပုံသဏ္ဌာန်ပြောင်းလဲမှုသည် ခန့်မှန်းရန်ခက်ခဲလာပြီး တောင်သူလယ်သမားများ အတွက် ဘေးဒုက္ခကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ ကာနာတကာပြည်နယ်ရှိ တောင်သူများသည် မိုးရွာသွန်းမှု ပုံပျက်ယွင်းခြင်းကြောင့် ကာလရှည်ခြောက်သွေ့မှုကို ကြုံတွေ့ခဲ့ရကြောင်း၊ မိုးခေါင် ခြောက်သွေ့မှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုများကို တရားဝင်ထုတ်ဖော်ခြင်း မရှိသော်လည်း ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းကို ကျော် လွှားနိုင်ရန်အတွက် အစိုးရထံမှ တစ်လုံးတစ်ခဲတည်း ငွေကြေး အထောက်အပံ့ရရှိရန် မျှော်လင့် လျက်ရှိကြောင်းဖြင့် Basavaraj Ingin က ပြောကြားခဲ့သည်။
Source: The Hindu Business Line, 4 Dec 2023