ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယခုနှစ် ပထမ ၁၁ လအတွင်း ပြည်ပသို့ ဆန်နှင့်စပါး တင်ပို့မှု မှ ဝင်ငွေ ဒေါ်လာ ၁.၃၅ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနရှိ အထွေထွေစိုက်ပျိုးရေး ဦးစီးဌာနက ၁-၁၂-၂၀၂၃ ရက်နေ့၌ ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်ပဈေးကွက်များသို့ ဆန်တန်ချိန် ၆ သိန်းခန့် တင်ပို့ပြီး ဝင်ငွေ ဒေါ်လာ ၅၁၅ သန်း ရရှိခဲ့ကြောင်း၊ စပါးတန်ချိန် ၂.၄ သန်း တင်ပို့မှုမှ ဒေါ်လာ ၈၁၄ သန်းရရှိခဲ့ကြောင်း၊ တင်ပို့ခဲ့ သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဂျပွန်နီကာဆန် များဖြစ်ကြောင်း ဖေါ်ပြထားသည်။ တရုတ်နိုင်ငံနှင့် ဥရောပဒေသတို့သည် ကမ္ဘောဒီးယား၏ ဆန် တင်ပို့ရာ အဓိကဈေးကွက်များဖြစ်ပြီး ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်သည် ၂၀၂၃ ခုနှစ် အတွင်း ဆန်တန်ချိန် ၇ သိန်း တင်ပို့ နိုင်ရန် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီယားနိုင်ငံအနေဖြင့် ဆန်မဟုတ်သော အခြား လယ်ယာထွက်ကုန်တန်ချိန် ၄ သန်းခန့်ကို ပြည်ပသို့တင်ပို့မှုမှ ဒေါ်လာ ၂.၅ ဘီလီယံ ရရှိခဲ့ကြောင်း၊ အဓိကအားဖြင့် ငှက်ပျော၊ သရက်၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ စားအုန်းဆီ၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ ပါဝင်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ၂၀၂၁ ခုနှစ်အတွက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး (GDP) တွင် ၂၄.၄% အထိ ပါဝင်ခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို အထောက်အပံ့ပြုလျက်ရှိသော မဏ္ဍိုင် ၄ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြပါသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မနက်က တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို ၂၀ ရာခိုင်နှုန်း မြှင့် တင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆန်တင်ပို့မှုတိုးမြှင့်မည့် အဆိုပြုချက်အပေါ် တရုတ်နိုင်ငံဘက်မှလည်း သဘောတူညီထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အနေဖြင့် တရုတ်နိုင်ငံရှိ မြို့ကြီးများသို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့နိုင်မည့် အလားအလာ များကို လေ့လာဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ ဆန်တင်ပို့သူများ အနေဖြင့်လည်း ဆန်ပိုမိုတင်ပို့ နိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် ညီညွတ်စွာဖြင့် ပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းပြောကြားထားပါသည်။
Source: Khmer Times, 4 Dec 2023