ဗီယက်နမ်နိုင်ငံ၌ ပထမအကြိမ် နိုင်ငံတကာဆန်စပါးပွဲတော်ကို ကျင်းပမည်

Powered by Drupal

          ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်တစ်ခုဖြစ်သော Hau Giang တွင် ပထမအကြိမ် အပြည် ပြည်ဆိုင်ရာ ဆန်စပါးပွဲ‌တော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဟိုချီမင်းမြို့တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ Hoang Trung က အဆိုပါဆန်စပါးပွဲတော်ကို အရည်အသွေးမြင့်မားသော ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် စိမ်းလန်းသော ဖွံ့ဖြိုး တိုးတက်မှု (green growth) အတွက် တန်ဖိုးကွင်းဆက်တစ်လျှောက် တိုးတက်စေခြင်းဖြင့် စားနပ် ရိက္ခာဖူလုံမှု၊ လုံခြုံစိတ်ချရမှုနှင့် ရာသီဥတုအပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်စေမှုတို့ ဖြစ် ပေါ်စေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါပွဲတော်တွင် ဗီယက်နမ်နိုင်ငံ၏ ကျေးရွာတစ်ခု ထုတ်ကုန်တစ်မျိုး အစီအစဉ်အရ ထုတ်လုပ်သည့်ထုတ်ကုန်များ၊ ဆန်အမျိုးမျိုး၊ ဆန်ဖြင့်ပြုလုပ်သော မုန့်မျိုးစုံ စားဖွယ်ရာများ၊ စပါး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဒရုန်းများ (drones) ကို ခင်းကျင်းပြသမည် ဖြစ်ပါသည်။ ဆန်တင်သွင်းသည့်နိုင်ငံအဖြစ်မှ ဒုတိယအကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာ သည့် အထိမ်းအမှတ်အဖြစ် Hau Giang ပြည်နယ်ရှိ Xa No တူးမြောင်းတစ်လျှောက်တွင် ဆန်စပါး ကဏ္ဍအား သရုပ်ဖော်သည့်လမ်းတစ်လမ်းကို ဖောက်လုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများ၊ ပြိုင်ပွဲ များနှင့် အခြားလှုပ်ရှား ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

          ပွဲတော်တွင် ဒစ်ဂျစ်တယ်ခေတ်သို့ ကူးပြောင်းသည့်ကာလ၌ ဖွံ့ဖြိုးတိုးတက်လာသော ထုတ်လုပ်မှုဆိုင်ရာဗဟုသုတများနှင့် သိပ္ပံနှင့်နည်းပညာတိုးတက်မှုများကို ဗီယက်နမ်နိုင်ငံအတွင်း ရှိ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လယ်သမားများ လေ့လာ ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပါသည်။

          ၂ဝ၃ဝ ပြည့်နှစ်တွင် စိမ်းလန်းသောဖွံ့ဖြိုးမှုနှင့်အတူ အရည်အသွေးမြင့်မားပြီး ကာဗွန် ထုတ်လုပ်မှုနိမ့်ကျသည့် ဆန်စပါးစိုက်ဧရိယာ ဟက်တာ ၁ သန်း ရောက်ရှိရေး စီမံကိန်းကို ဖော် ဆောင်ရန် အတည်ပြုကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က အဆိုပါပွဲတော်၌ ကြေညာဖွယ်ရှိသည်။ ၎င်းစီမံကိန်းအရ မဲခေါင်ဒေသ အထူးသဖြင့် ဗီယက်နမ်နိုင်ငံရှိ ဆန်တန်ဖိုး ကွင်းဆက်တစ်လျှောက် အခြေခံပြောင်းလဲမှုများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး Trung က ပြောကြားခဲ့ပါသည်။

          Hau Giang ပြည်နယ် ပြည်သူ့ကော်မတီဥက္ကဋ္ဌဖြစ်သူ Dong Van Thanh က ပွဲတော်သို့ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ ဧည့်သည်တော် ၂ဝဝ နှင့် ပြည်ပသတင်းဌာန ၁၄ ခုမှ ကိုယ်စားလှယ်များ တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဗီယက်နမ်နိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမ ၁၁ လတာ ကာလအတွင်း ဆန်တန်ချိန် ၇.၇၅ သန်းကို တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ ရရှိခဲ့ကာ နှစ်အလိုက် ၃၆.၃ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖော်ပြပါသည်။

          သတင်းစာရှင်းလင်းပွဲတွင် အဆိုပါဝန်ကြီးဌာန လက်အောက်ရှိ သီးနှံထုတ်လုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး Nguyen Nhu Cuong က ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဆန်ထိပ်သီးညီလာခံ၏ ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ၌ ဗီယက်နမ် နိုင်ငံက ပထမဆု ရရှိခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် သီးခြားဆန်အမျိုးအစားအတွက် ဆုမပေးခဲ့ပဲ နိုင်ငံအလိုက်သာ ဆုပေးအပ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက ဒုတိယဆုနှင့် အိန္ဒိယနိုင်ငံက တတိယဆု အသီးသီး ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲတွင် နိုင်ငံ ၁ဝ နိုင်ငံမှ ဆန်အမျိုးအစား ၃ဝ ခန့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

          ၄င်းပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ၃ ခုဖြစ်သော Ho Quang Tri Private Enterprise က ST24 နှင့် ST25 ၊ Loc Troi Group က LT 28 နှင့် Nang Hoa 9 နှင့် Thai Binh Seeds က TBR39 နှင့် TBR39-1 ဆန်စပါးအမျိုးအစားတို့ဖြင့် အသီးသီးဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ၂ဝ၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ST25 သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သတ်မှတ်ခံခဲ့ရ ကြောင်း သိရှိရပါသည်။

Source: Vietnam News, 2 Dec 2023