အိန္ဒိယနိုင်ငံတွင် အိမ်ထောင်စုများ၌ သမားရိုးကျစားသုံးလေ့ရှိသော ပဲမျိုးစုံ၏ ဈေးနှုန်းများ ကြီးမြင့်မှုက ဝယ်လိုအားကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိရာ ပဲခွဲစက်လုပ်ငန်းအများအပြားသည် ၎င်းတို့၏ ကြိတ်ခွဲထုတ်လုပ်နိုင်စွမ်းအတိုင်း အပြည့်အဝ လုပ်ကိုင်ခြင်းမပြုပဲ လုပ်ငန်းပမာဏကို လျှော့ချ ဆောင်ရွက်လာကြကြောင်း သိရှိရသည်။
အထူးသဖြင့် ကြိတ်ခွဲပြုပြင်မှု အမြင့်မားဆုံးရာသီကာလအတွင်း လက်လီဈေးကွက်၌ ဈေးနှုန်းကြီးမြင့်မှုကြောင့် ပဲမျိုးစုံ ကုန်ချောထုတ်ကုန်များအပေါ် ဝယ်လိုအားကျဆင်းလျက်ရှိရာ ပဲခွဲစက်များအနေဖြင့် ကုလားပဲကြိတ်ခွဲမှုကို လျှော့ချလုပ်ကိုင်နေကြရကြောင်းဖြင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ် Indore မြို့မှ ပဲခွဲစက်လုပ်ငန်းရှင် Sujay Kabra က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၌ ရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသောသီးနှံများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုရှိသော ဒီဇင်ဘာလမှ မတ်လအထိ ကာလသည် ပဲခွဲစက်များအတွက် အလုပ်အများဆုံးရာသီပင်ဖြစ်သည်။
မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်သည် ပဲမျိုးစုံကို ပြုပြင်ကြိတ်ခွဲမှုလုပ်ငန်းများ အဓိကလုပ်ကိုင်ရာ ဒေသဖြစ်ပြီး ပြည်နယ်အတွင်း ပဲခွဲစက်ရုံပေါင်း ၇၀၀ ကျော် တည်ထောင်ထားရှိသည့်အနက် ၁၆၀ ခန့်သည် Indore မြို့၌ တည်ရှိခြင်းဖြစ်သည်။
ရှေ့လာမည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ စားတော်ပဲကို အကောက်ခွန်လွတ် တင်သွင်းနိုင် ကြောင်း အစိုးရက ခွင့်ပြုပေးခဲ့ရာ စက်ရုံများစွာသည် ပဲစင်းငုံ ကြိတ်ခွဲမှုမှ စားတော်ပဲ ကြိတ်ခွဲထုတ် လုပ်မှုသို့ ပြောင်းလဲလုပ်ကိုင်ဖွယ်ရှိကြောင်း ပဲခွဲစက်လုပ်ငန်းရှင်များက ပြောဆိုလျက်ရှိသည်။ Indore ခရိုင်၊ Palda ဒေသအခြေစိုက် ပဲခွဲစက်လုပ်ငန်းရှင် Komal Agrawal က ဈေးကွက်အတွင်း ကုန်ကြမ်းထောက်ပံ့မှုမှာ လုံလောက်မှုရှိသော်လည်း ပဲမျိုးစုံလက်လီ ဝယ်လိုအားနည်းပါးသဖြင့် စက်စွမ်းအားပြည့် လည်ပတ်လုပ်ကိုင်နိုင်မှုမရှိကြောင်း၊ လုပ်ကိုင်နိုင်စွမ်း၏ ၄၀% ခန့် လည်ပတ်နိုင် ရန်ကိုပင် ခက်ခဲစွာ ကြိုးပမ်းအားထုတ်နေရကြောင်း၊ ထို့အပြင် အခြားပြည်နယ်များမှ လုပ်ငန်းရှင် များနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရခြင်းကလည်း ၎င်းတို့၏ ထုတ်ကုန်များအပေါ် ဝယ်လိုအားထက်သန်မှု ကို လျော့ပါးစေကြောင်းဖြင့် ပြောဆိုသည်။
အခြား ပဲခွဲစက်ပိုင်ရှင်တစ်ဦးဖြစ်သော Abhay Agrawal ကလည်း ပဲစင်းငုံကုန်ကြမ်းကို ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုမှ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မှု မရှိသဖြင့် စက်ရုံအများစုသည် ပြည်ပမှ ပဲစင်းငုံတင်သွင်းမှုအပေါ် အမှီပြု ကြိတ်ခွဲနေရကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ပဲများ၏ ဈေးနှုန်းမှာ မြင့်မားသဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။
လက်ထပ်ထိမ်းမြား မင်္ဂလာပွဲများ ကျင်းပလေ့ရှိသည့် ရာသီကာလ စတင်မှုနှင့်အတူ ပဲမျိုးစုံ ဝယ်လိုအား ပြန်လာမြင့်တက်လာရန် အိန္ဒိယပဲခွဲစက်လုပ်ငန်းများက မျှော်လင့်လျက်ရှိကြောင်း Times of India သတင်းဌာနက ဖော်ပြပါသည်။
Source: Times of India, 10 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)